ပလက်ဝ ကန့်သတ်နယ်မြေတွင် အမျိုးသမီး ၁ ဦး မိုင်းနင်းမိပြီး သေဆုံး
DVB
·
September 20, 2020
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း သွားလာမှုကန့်သတ်ထားသည့် တားမြစ်နယ်မြေမှာ ဒေသခံ အမျိုးသမီး ၁ ဦး မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့ တပ်မတော်က ဒီနေ့မနက် သတင်းထုတ်ပြန်ပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နေ အမျိုးသမီး ၃ ဦးဟာ စက်တင်ဘာ ၁၈ ရက် မနက် ၈ နာရီလောက်က ပလက်ဝအရှေ့ဘက် မီတာ ၁၀၀၀ ကန့်သတ်နယ်မြေအနီးကို စက်လှေနဲ့သွားရောက်ပြီး ပလက်ဝချောင်းတောင်ဘက်ခြမ်းဝန်းကျင်တဝိုက် မျှစ်ချိုးစဉ် ဒေါ်မေနုသိန်းဟာ နင်းမိုင်း ၁ လုံးအား နင်းမိခဲ့တာပါ။
ဒေါ်တင်တင်အေးနှင့် ဒေါ်မြသန်းတို့နှစ်ဦးက ပလက်ဝမြို့ကို စက်လှေနဲ့ ပြန်လာပြီး အကြောင်းကြားလို့ လူနာအားသွားရောက်ခေါ်ဆောင်ခဲ့ပြီး ပလက်ဝမြို့ပြည်သူဆေးရုံကို ပို့ ဆောင်စစ်ဆေးခဲ့ရာ မိုင်းထိမှန်မှုကြောင့် ဒေါ်မေနုသိန်း သွေးထွက်လွန် သေဆုံးသွားတယ်လို သိရပါတယ်။
အဆိုပါ မိုင်းဖြစ်စဉ်ဖြစ်ပွားတဲ့နေရာဟ သွားလာမှုကန့်သတ်ထားသလို ပလက်ဝချောင်းကိုလည်း အရေးကြီးကိစ္စတွေကလွဲပြီး သွားလာတာ ကန့်သတ်ထားတယ်လို့ သိရပါတယ်။