DVB Logo
Home
မြန်မာသတင်း
သံတွဲ မီးရှို့ဖျက်ဆီးမှု တရားဥပဒေအရ ဖြေရှင်းရန် အစိုးရပြော
DVB
·
July 1, 2013
Donate to DVB

ရခိုင်ပြည်နယ် သံတွဲမြို့မှာ မွတ်စလင်လူနေအိမ်ခြေတချို့ ဖျက်ဆီးမီးရှို့မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။

ဇွန်လ  ၃၀ ရက်နေ့ညနေပိုင်းက ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က  အမျိုးသမီးငယ်တဦးဟာ သံတွဲမြို့မှာ ရောက်ရှိစဉ် စော်ကားခံရတယ်ဆိုတဲ့ ကောလာဟလပျံ့နှံ့ပြီး အကြမ်းဖက်မီးရှို့မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် သံတွဲမြို့နယ်ရဲတပ်ဖွဲ့က အဲဒီအမျိုးသမီးနဲ့ လူငယ် ၂ ဦးကို ရဲစခန်းမှာ စစ်မေးနေပါတယ်။

လူအုပ်စုက ဖမ်းထားတဲ့အမျိုးသား ၂ ဦးကို သူတို့လက်အပ်ဖို့ ရဲစခန်းရှေ့ကနေ အော်ဟစ် တောင်းဆိုကြတဲ့နောက် ည ၇ နာရီခန့်မှာ ပုဒ်မ ၁၈၈ လူမစုရ ဒေသန္တရအမိန့်တရပ် ထုတ်ပြန်ခဲ့ပါတယ်။

ဒီအမိန့် ထုတ်ပြန်အပြီး မကြာခင်မှာပဲ သံတွဲမြို့ပေါ်က မွတ်စလင်တွေရဲ့အိမ်တချို့ကို စတင်အကြမ်းဖက်တိုက်ခိုက်မှုကို လူအုပ်က စတင်လိုက်ကြတာကြောင့် ညနေ ၅ နာရီကနေ မနက် ၅ နာရီထိ အပြင်မထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွင်က ပုဒ်မ ၁၄၄ ထုတ်အပြီး သူတို့ထံ ရောက်လာတဲ့ စာရင်းအရ အိမ် ၁ လုံး ဖျက်ဆီးခံရပြီး အိမ် ၄ လုံး မီးရှို့ခံရတယ်လို့ ရှင်းပြပေမယ့် အသေးစိတ်တော့ ပြောဆိုခြင်းမရှိပါဘူး။

အခုအခါ အမျိုးသမီးကို မုဒိမ်းကျင့်ခံရတာ ဟုတ်၊ မဟုတ် ဆရာဝန်ဆေးစစ်ချက် ရယူနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

“မုဒိမ်းမှုလားဆိုတော့ တိတိကျကျ စစ်ဆေးချက်ပေါ့လေ။ ဆရာဝန်တွေဘာတွေနဲ့ ဆေးစစ်ချက်ကလည်း လိုသေးတာကိုး။ ဒီအချိန် ကျနော်တို့က မုဒိမ်းမှုပါ၊ ဘာမှုပါ စသဖြင့် တိတိကျကျ ပြောဖို့က မသိသေးဘူးပေါ့နော်။ ပြောမယ်ဆိုရင် ရဲလုပ်ငန်းတွေ၊ ဓာတုဗေဒတို့ ဘာတို့ အဲဒါမျိုးတွေရှိသေးတာ” လို့ ပြောပါတယ်။

တရားခံတဦးနဲ့ အားပေးသူတဦးကိုတော့ ဖမ်းဆီးထားပြီး အခြေအနေ တည်ငြိမ်စပြုနေပြီဖြစ်ပြီး အိမ်ဖျက်ဆီးသူနဲ့ မီးရှို့သူတွေကိုတော့ ဖမ်းဆီးထားတာ မရှိဘူးလို့ ဦးကျော်စိုးလွင်က ရှင်းပြပါတယ်။

“လောလောဆယ်တော့ ကျနော်တို့က အရေးယူလို့မှ မရသေးဘဲ။ တိတိကျကျ ကျနော်တို့ကို သတင်းပို့တဲ့လူ၊ ပြောတဲ့လူလည်း လောလောဆယ် မရှိသေးဘူး။ ရှိတယ်ဆိုပေမယ့်လည်း ကျနော်တို့က ခိုင်လုံတဲ့သတင်းရမှ ဖမ်းလို့ရမှာကိုး”  လို့ ပြောပါတယ်။
မြို့နယ်ရဲတပ်ဖွဲ့နဲ့ ခရိုင်ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတရဲ့ပြောခွင့်ရသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာတော့ သံတွဲမှာ အမျိုးသမီးတဦးကို စော်ကားတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်တဲ့ ရုန်းရင်းဆန်ခတ်မှုမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ခရိုင်ပြန်ဆက်မှ ကနဦး စုံစမ်းသိရှိရတဲ့သတင်းများအရ ဇွန် ၂၉ ရက်နေ့မှာ တောင်ကုတ်ကနေ သံတွဲကို အဝေးပြေးကားနဲ့ ရောက်လာတဲ့ အမျိုးသမီးတဦးဟာ ဆိုင်ကယ်ကယ်ရီနဲ့ လိုက်သွားတယ်လို့ ဖော်ပြထားပါတယ်။

ဒီနောက် ဇွန် ၃၀ ရက်နေ့ နေလယ်မှာ အဲဒီအမျိုးသမီးတယောက်တည်း ငိုနေတာတွေ့တဲ့သူများက ညနေ ၄ နာရီမှာ ရဲစခန်းကို လာပို့ကြောင်း၊ အမျိုးသမီးက သူကို ဆိုင်ကယ်ကယ်ရီသမားနဲ့ အခြားသူတဦးက စော်ကားတယ်လို့ တိုင်ကြားခဲ့ပါတယ်။

ဒါပေမယ့် ဒီအမျိုးသမီးကို အခြားဘာသာဝင်တဦးက စော်ကားတယ်ဆိုတဲ့ သတင်းစကားများ ပျံ့နှံ့သွားတဲ့အတွက် ညနေ ၅ နာရီခန့်မှာ လူ ၅၀ လောက် ရဲစခန်းကို လာရောက် စုဝေးခဲ့ကြောင်းနဲ့ ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်ဆဲဖြစ်ကြောင်း ရှင်းပြပြီး လူစုခွဲခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ည ၇ နာရီကျော်မှာ မြို့သစ်ရပ်ကွက်မှာ အိမ် ၂ လုံး မီးရှို့မှုဖြစ်ပွားခဲ့ပြီး မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ တာဝန်ရှိသူတွေက ညမထွက်ဖို့ လှည့်လည်ကြေညာနေပြီး မြို့ အ၀င်အထွက်လမ်းတွေ ပိတ်ထားကြောင်း၊ ပြစ်မှုကျူးလွန်သူတွေကို ရဲက ဖော်ထုတ်အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေးဌာနမှူး ဦးဝင်းမြိုင်ကို ဒီဗွီဘီကမေးမြန်းတဲ့အခါ ဒီကိစ္စနဲ့ ပတ်သက်ပြီး  သံတွဲရဲစခန်းက တရားခံလို့ ယူဆရသူကို ဖမ်းဆီးထားပြီး အမျိုးသမီးကိုလည်း ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။

လူစုလူဝေးနဲ့ ရဲစခန်းမှာ တောင်းဆိုခဲ့ကြပြီး ကားတွေနဲ့ အိမ်တွေ ဖျက်ဆီးခဲ့တာတွေအပေါ် ဦးဝင်းမြိုင်က ဝေဖန်လိုက်ပြီး  တရားဥပဒေကို လေးစားလိုက်နာဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“ဌာနဆိုင်ရာအနေနဲ့ပဲဖြစ်ဖြစ်။ ပြည်နယ်အစိုးရအနေနဲ့ပဲဖြစ်ဖြစ် ပြစ်မှုတခုဖြစ်လာပြီဆိုရင် ဥပဒေအတိုင်းဆောင်ရွက်ဖို့၊ ဆောင်ရွက်တဲ့အခါမှာလည်း အချိန်ကို စောင့်ပေးဖို့ လိုအပ်ပါတယ်။ လူအုပ်နဲ့ဝိုင်းပြီးတောင်းဆိုတာတို့၊ ဥပဒေမဲ့လုပ်တာတို့ကတော့ မကောင်းပါဘူး။ ဥပဒေအရ ဆောင်ရွက်သွားတယ်ဆိုရင် ရုန်းရင်းဆန်ခတ်လည်း မဖြစ်ပါဘူး” လို့ ပြောပါတယ်။

ဒီဗွီဘီက ဒေသခံတွေကို မေးမြန်းရာမှာ ည ၇ နာရီကနေ မနက် ၅ နာရီထိ လူ ၅ ယောက်ထက် ပိုမထွက်ရဆိုတဲ့ ဒေသန္တရအမိန့်ထုတ်ပြန်လိုက်ချိန် ည ၇ နာရီခန့်မှာပဲ သံတွဲမြို့ပေါ်က မွတ်စလင်ဘာသာရေးခေါင်းဆောင်တဦးရဲ့အိမ်ကို စတင်ဖျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။

အဲဒီအချိန်မှာပဲ သံတွဲမြို့တဖက်ကမ်းက ဒွာရာဝတီမြို့သစ်ဘက်က ဦးဘို၊ ဦးသိန်းဝင်း၊ ဒေါ်ဝင်းကြည်၊ ဦးမောင်ကြီး၊ ဦးမောင်လေးနဲ့ ဦးထွန်းနိုင်တို့ရဲ့အိမ်တွေ ပိုင်ဆိုင်မှုတွေကို ထုရိုက်ဖျက်ဆီးကြတယ်လို့ ပြောပြပါတယ်။

နယ်မြေခံ မွတ်စလင်အမျိုးသမီးတဦးက “တိုင်ကြားဖို့ဟာ မရဲဘူးပေါ့နော်။ သူတို့ကတောင် ပေါ်တင်ကြီး လျစ်လျူရှုထားတဲ့အခါကျတော့ အလုပ်ခံရသူတွေကလည်း တိုင်ကြားဖို့ မရဲဖြစ်နေတာပေါ့။ ကွဲသွားတဲ့ လူစုဟာ အခုဖျက်ဆီးမီးရှို့တဲ့နေရာကို ရောက်သွားပြီးတော့ လုပ်နေတာကို ရဲတွေက မြို့ထဲမှာပဲ ပတ္တရောင်လှည့်နေတယ်။ ဘာမှ အရေးယူဆောင်ရွက်ခြင်းမရှိဘူး။ ဟန့်တားခြင်းမရှိဘူး”လို့ ပြောပါတယ်။

ဒီနေ့မွန်းတည့်မှာ ညမထွက်ရအမိန့်ကို ည ၇ နာရီကနေ မနက် ၁၀ နာရီထဲ ပြောင်းလဲ သတ်မှတ်တယ်လို့ သူက ပြောပါတယ်။

သံတွဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဝင်းနိုင်ကတော့ ဒီကိစ္စဟာ ဖန်တီးတဲ့လုပ်ရပ် ဖြစ်တယ်လို့ ဝေဖန်ပြောဆိုပါတယ်။

“ဒီကိစ္စကို လုပ်ဖို့အတွက် ပြီးခဲ့တဲ့ ၁ ပတ်လောက်ကပဲ ဆွဲရမ်းမှု ဘာညာ။ ဘာသာမတူတဲ့ ကလေး ၁ ယောက် မဟုတ် ၂ ယောက်က ဆွဲရမ်းမှုလုပ်ပြီး ပြဿနာတခုဖန်တီးမယ်ဆိုတာ ပြီးခဲ့တဲ့ ၆ ရက်လောက်ကပဲ ကျနော်တို့ သတင်းရထားပါတယ်။ အဲဒါဟာ အခုမှ ပေါ်လာတာပေါ့။ ချက်ချင်း ကောက်ရိုးမီးလို ပျံ့နှံ့သွားတာကတော့ ကြိုတင်ပြင်ဆင်ထားလို့ ဖြစ်ပါလိမ့်မယ်။“

ဦးဝင်းနိုင်ကတော့ အိမ်မီးရှို့ခံရတာ ၁၀ လုံးနဲ့ ဖျက်ဆီးခံရတာ ၁၀ လုံး ရှိတယ်လို့ အိမ်ရှင်တွေရဲ့ အမည်စာရင်းနဲ့ ပြောပါတယ်။

မနှစ် ဇွန် ၃ ရက်နေ့တုန်းက တောင်ကုတ်မြို့မှာ မွတ်စလင် ၁၀ ဦးကို ခရီးသည်တင်ကားပေါ်က ဆွဲချပြီး လူအုပ်စုလိုက် အကြမ်းဖက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ဖူးပြီး တရားခံတဦးကိုမှ ပြစ်ဒဏ်စီရင်နိုင်ခြင်းမရှိသေးပါဘူး။ မနှစ်ကစတင်တဲ့ ရခိုင်ပြည်နယ် အကြမ်းဖက်မီးရှို့မှုဖြစ်စဉ် ၂ ခုကြောင့် လူပေါင်း ၁ သိန်း ၄ သောင်းလောက်ကို အကူအညီပေးနေရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013