မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ၁ ရက်ကို လူ ၅ ယောက်နှုန်း ကူးစက်ခံနေရ
DVB
·
September 20, 2020
မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါ ၁ ရက်ကို လူ ၅ ယောက်နှုန်း ကူးစက်ခံနေရပြီး အဲဒီထဲမှာ မော်လမြိုင်က ရောဂါပိုး အများဆုံး ကူးစက်ခံနေရပါတယ်။
မွန်ပြည်နယ်မှာတော့ ကိုဗစ်-၁၉ ဒုတိယလှိုင်း ပြန်စတဲ့ ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်နေ့ကစပြီး စက်တင်ဘာ ၁၉ ရက်နေ့အထိ ၂၆ ရက်တာ ကာလအတွင်းမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ ၁၁၇ ဦးအထိ ရှိလာခဲ့တာပါ။
ရောဂါပိုး ကူးစက်ခံရမှုအရ မော်လမြိုင်မြို့နယ် တခုတည်းမှာပဲ ကိုဗစ်လူနာ ၈၆ ဦးအထိ ရှိလာခဲ့တာ ဖြစ်ပြီး ကူးစက်ခံရမှု ရာခိုင်နှုန်းအနေနဲ့ ၇၃ ရာခိုင်နှုန်းကျော်အထိ အများဆုံး ကူးစက်ခံထားရပါတယ်။
ဒါကြောင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ နေ့စဉ်နဲ့ အမျှ တိုးလာတဲ့အတွက်ကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကူညီတဲ့အနေနဲ့ အိမ်မှာပဲနေပေးကြဖို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံ ထပ်မံ မေတ္တာရပ်ခံလိုက်ပါတယ်။
မွန်ပြည်နယ်မှာတော့ ကိုဗစ်-၁၉ ဒုတိယလှိုင်းမှာ ရောဂါပိုး ကူးစက်ခံရမှုအနေနဲ့ သံဖြူဇရပ်မြို့နယ်ကလွဲပြီး ကျန် မြို့နယ် ၉ မြို့နယ်မှာ ရောဂါပိုး ကူးစက်ခံထားရတာပါ။ ရောဂါပိုး ကူးစက်ခံရမှုအနေနဲ့ ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်ဟာ ဒုတိယအများဆုံး ရောဂါပိုး ကူးစက်ခံထားရပါတယ်။
လက်ရှိမှာတော့ ကိုဗစ်လူနာ များလာတဲ့အတွက်ကြောင့် ကျန်းမာရေးဝန်ထမ်း အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ မော်လမြိုင်ပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာကျော်မြင့်က ပြောပါတယ်။
အခုအခါမှာတော့ ကိုဗစ်ရောဂါပိုး တွေ့ရှိမှု နေ့စဉ်နဲ့အမျှ တိုးလာတဲ့အတွက်ကြောင့် မော်လမြိုင်၊ ကျိုက်ထို၊ ဘီလင်းနဲ့ သထုံမြို့နယ်ရှိ ရပ်ကွက်တချို့က လမ်းတွေကို အသွားအလာ ကန့်သတ်ပြီး Lock down ပြုလုပ်ထားပါတယ်။
ပြည်နယ်အတွင်း ကိုဗစ်ရောဂါပိုး ကူးစက်မှုအနေနဲ့ ကိုဗစ်-၁၉ ပထမလှိုင်းနဲ့ ဒုတိယလှိုင်း ပေါင်းရင် ကိုဗစ်လူနာ ၁၂၃ ဦးအထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။