Homeမြန်မာသတင်း
လက်ပံတန်းက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အမျိုးသမီးကို ပြည်မြို့ခုတင် ၅၀၀ ဆေးရုံသို့ ပို့ဆောင်
လက်ပံတန်းက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အမျိုးသမီးကို ပြည်မြို့ခုတင် ၅၀၀ ဆေးရုံသို့ ပို့ဆောင်
DVB
·
September 19, 2020
တောင်ဒဂုံက စက်ရုံတခုမှာ အလုပ်လုပ်ခဲ့ပြီး ပြန်လာတဲ့ ပဲခူးတိုင်း၊ လက်ပံတန်းမြို့ မှော်အင်းကျေးရွာနေ အသက် ၂၂ အရွယ် အမျိုးသမီးတဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် ပြည်မြို့ခုတင် ၅၀၀ ဆေးရုံကို ပို့ဆောင်ကုသထားတယ်လို့ လက်ပံတန်းမြို့ ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရဲဝင်းက ပြောပါတယ်။
“၁၅ ရက်နေ့မှ ကျနော်တို့ကို အနံ့မရလို့ လာပြတာ။ အဲ့တော့ လူနာကို ခရီးသွားရာဇဝင်ရှိလားဆိုတော့ ရန်ကုန်က ၄ ရက်နေ့က ပြန်လာတာဆိုတော့ ၁၁ ရက်ရှိပြီပေါ့။ အဲ့ဒါဆို နင် Quarantine မဝင်ရဘူးလားဆိုတော့ အဲ့တုန်းက မဝင်ခိုင်းလို့ အိမ်မှာပဲ နေတယ်လို့ ပြောတယ်။ သူ့ကို ကိုင်တွယ်ထိတွေ့တာတော့မရှိပါဘူး၊ အဝေးကနေပဲပေါ့။ အဲ့ဒါဆိုရင် ဆေးရုံမှာ စစ်ဆေးရတော့မယ်ဆိုပြီး ဆေးရုံကားခေါ်၊ ဆေးရုံမှာ သီးသန့်ခန်းထဲ သူ့ကိုထားပြီး swab ပို့လိုက်တယ်။ ဒီနေ့တော့ တိုင်းကျန်းမာကနေ သူ့မှာ ရောဂါပိုးတွေ့ရှိတယ်လို့ အကြောင်းကြားတယ်။ သူ့ကို မေးမြန်းကြည့်တဲ့အခါ တောင်ဒဂုံက စက်ရုံမှာအလုပ်လုပ်တယ်၊ စက်ရုံနားတာက ၂ လရှိပြီ၊ အိမ်မှာပဲနေပြီး ၄ ရက်နေ့မှ ရွာကို ပြန်လာတာလို့ သိရတယ်။”
ရောဂါပိုးတွေ့ရှိသူ အမျိုးသမီးဟာ စက်တင်ဘာ ၁၅ ရက်နေ့က လက်ပံတန်းမြို့ကို ဆေးခန်းလာပြရာမှာ မှော်အင်းကျေးရွာကနေ တုတ်တုတ်(သုံးဘီးဆိုင်ကယ်)နဲ့ လာတာဖြစ်ပြီး တုတ်တုတ်ပေါ်မှာ ရွာကနေ လက်ပံတန်းမြို့မဈေးလာဝယ်ကြတဲ့ လူ ၁၅ ယောက်ပါလာတယ်လို့ သိရတာကြောင့် ကိုဗစ်ကော်မတီ၊ လူမှုကူညီရေးအဖွဲ့တွေနဲ့ စည်ပင်သာယာရေးအဖွဲ့တွေက ဈေးအတွင်း လိုက်လံစုံစမ်းရှာဖွေပြီး မှော်အင်းကျေးရွာ Quarantine စင်တာမှာ ထားရှိထားတယ်လို့ ဆိုပါတယ်။
လက်ပံတန်းမြို့က လူနာအမျိုးသမီးနဲ့ ထိတွေ့ထားတဲ့ မှော်အင်းကျေးရွာက မိသားဝင်တွေနဲ့ သုံးဘီးဆိုင်ကယ်အတူစီးခဲ့ကြသူတွေကို စက်တင်ဘာ ၁၉ ရက်နေ့ ဓာတ်ခွဲနမူနာယူ ပေးပို့စစ်ဆေးသွားမယ်လို့ ဒေါက်တာရဲဝင်းက ပြောပါတယ်။
လူနာအမျိုးသမီးနေထိုင်ခဲ့တဲ့ တောင်ဒဂုံက နေအိမ်မှာတော့ အတူနေထိုင်သူ ၅ ဦးရှိတယ်လို့ သိရတာကြောင့် ကျန်းမာရေးဌာနက အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။
လူနာအမျိုးသမီးကိုတော့ ပြည်မြို့ ခုတင် ၅၀၀ ဆေးရုံကို စက်တင်ဘာ ၁၈ ရက်နေ့ည ၁၁ နာရီလောက်က ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဝဏ္ဏထွန်း