ရသေ့တောင်မြို့နယ်၌ လက်နက်ကြီးကျည်ထိမှန်ပြီး ရွာသား ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ
DVB
·
September 18, 2020
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရွှေလောင်းတင်ကျေးရွာမှာ စင်တင်ဘာ ၁၇ ရက် မနက်က လက်နက်ကြီးကျည်ကျတာကြောင့် ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရပြီး ရွာသားတွေ ထွက်ပြေးနေကြရတယ်လို့ ရသေ့တောင် အုပ်ချုပ်ရေးမှူးနဲ့ လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။
ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းက "မနေ့က ၁ ဦးသေတာမှန်ပါတယ်။ ၂ ဦးဒဏ်ရာရတယ်။ ကူတောင်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်။ ဒီနေ့ကတော့ ပစ်ခတ်မှုတွေမရှိတော့ပါဘူး" လို့ပြောပါတယ်။
လက်နက်ကြီးကျည် ဝမ်းဗိုက်ကို ထိမှန်ကာ အသက် ၄၀ အရွယ် ဦးမောင်မောင်ချေမှာ အခင်းဖြစ်နေရမှာပဲ သေဆုံးသွားခဲ့ပြီး အသက် ၈၅ နှစ်အရွယ် ဒေါ်လှစောနုက ညာဘက်ဒူးဆစ် ကျည်စထိမှန်ဒဏ်ရာနဲ့ အသက် ၆၀ ကျော်အရွယ် ဦးလှထွန်းမောင်ကတော့ ရင်ဘတ် ကျည်စထိမှန်ဒဏ်ရာ အသီးသီး ရရှိခဲ့ကြတာပါ။
ဒဏ်ရာရရှိသူ နှစ်ဦးကိုတော့ ကူတောင်တိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးထားပြီး သေဆုံးသူ ဦးမောင်မောင်ချေရဲ့ ရုပ်အလောင်းကိုတော့ စက်တင်ဘာ ၁၇ ရက်နေ့လယ်ပိုင်းမှာပဲ သင်္ဂြိုဟ်လိုက်ပါတယ်။
မေယုမြစ်ကြောင်းအတိုင်းဆင်းလာတဲ့ တပ်မတော်ရေယာဉ် ၂ စီးနဲ့ ရသေ့တောင်မြို့ပေါ်ရှိ တပ်မတော်တပ်ရင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ရွှေလောင်းတင်ကျေးရွာအတွင်း လက်နက်ကြီးကျည်ကျ ပေါက်ကွဲခဲ့တာလို့ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က ပြောပါတယ်။
"အဲ့ဒီ မေယုမြစ်မှာရှိနေတဲ့ Navy က ပစ်တာက ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆစ်ရွာတွေအထိ လှမ်းပစ်နေတာ။ နေတိုင်းလိုလိုပစ်နေတာ မနေ့ကတော့ ရွှေလောင်းတင်ရွာအတွင်း ကျလို့ အခုလို သေဆုံး ဒဏ်ရာရရှိမှုတွေဖြစ်လာတာ။"
တပ်မတော်ရေယာဉ်ပေါ်ကနေ ပစ်ခတ်မှုတွေရှိနေတဲ့အတွက် ကျေးရွာသားတွေ စိုးရိမ် ကြောက်လန့်နေကြပြီး ထွက်ပြေးနေကြရတယ်လို့လည်း အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က ပြောပါတယ်။
"မနေ့က ဖြစ်စဉ်ကြောင့် ရွှေလောင်တင်ကျေးရွာသူ/သားတွေ ထွက်ပြေးနေကြဆဲ ဖြစ်တယ်။ ဘာအတွက်လည်းဆိုတော့ မြစ်ပြင်မှာ ရေတပ်ရှိနေတယ်။ နောက်ထပ် လက်နက်ကြီးတွေ ပစ်လာမှာကို စိုးရိမ်နေကြတာကြောင့်ဖြစ်တယ်။ အများပြေးကြတာက စစ်တွေဘက်ကို ထွက်ပြေးကြတယ်။ ရသေ့တောင်မှာ စစ်ဘေးရှောင်တွေ လက်မခံကြတော့ဘူး။ လူနေစရာနေရာ မရှိတော့ဘူး" လို့ ဦးခင်မောင်လတ်က ပြောပါတယ်။
အလားတူ စက်တင်ဘာ ၁၅ ရက်ကလည်း ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှာ လက်နက်ကြီးကျည်ကျရောက်ပြီး အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် ၁၅ နှစ် အရွယ်ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စက်တင်ဘာ ၁၆ ရက်နေ့ကတော့ ကျောက်တော်မြို့နယ်၊ လမုတပင်ကျေးရွာမှာ လက်နက်ကြီးကျည်ကျရောက်ပြီး ကျေးရွာသား ဦးသိန်းလှနဲ့ ညီမဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံမှာတက်ရောက် ဆေးကုသမှုခံယူနေရပါတယ်။
မေယုမြစ်အတွင်း ရသေ့တောင်မြို့နယ်နဲ့ စစ်တွေမြို့နယ် ပုံမှန် သယ်ယူပို့ဆောင်ရေး ပို့ကြိုဆောင်ရွက်နေတဲ့ တပ်မတော်စစ်ရေယာဉ် ၃ စီးကို စက်တင်ဘာ ၁၅ ရက် ညနေ ၅ နာရီလောက်က ရွှေလောင်းတင်ကျေးရွာအနီးမှာလည်းကောင်း ၊ စက်တင်ဘာ ၁၇ ရက် မနက် ၁၀ နာရီလောက်မှာ ရွှေလောင်းတင် တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာမှလည်းကောင်း အေအေ အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ စတင်နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တပ်မတော်သားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ညနေ သတင်းထုတ်ပြန်ပါတယ်။
အေအေအဖွဲ့အနေနဲ့ ကျေးရွာတွေကို အကာအကွယ်ပြုပြီး တပ်မတော်စစ်ရေယာဉ်တွေကို မကြာခဏနှောင့်ယှက်ပစ်ခတ်လေ့ရှိပြီး ပြီးခဲ့တဲ့ ဇွန်လမှာ အခုအချိန်အထိ မေယုမြစ်အတွင်း နှောင့်ယှက်ပစ်ခတ်မှု ၁၄ ကြိမ်ဖြစ်ပွားခဲ့တယ်လို့လည်း တပ်မတော်သတင်းမှာ ဖော်ပြထားပါတယ်။
သတင်း - လင်းလက်