Homeမြန်မာသတင်း
အပူပိုင်းမုန်တိုင်း "နို(လ်)"(NOUL)အရှိန်ကြောင့် မြန်မာနိုင်ငံ၌ လေပြင်းတိုက် ရေကြီးမြေပြိုနိုင်
အပူပိုင်းမုန်တိုင်း "နို(လ်)"(NOUL)အရှိန်ကြောင့် မြန်မာနိုင်ငံ၌ လေပြင်းတိုက် ရေကြီးမြေပြိုနိုင်
DVB
·
September 18, 2020
အပူပိုင်းမုန်တိုင်း"နို(လ်)"(NOUL)ရဲ့ အရှိန်ကြောင့် မိုးသည်းထန်စွာထစ်ချုန်း ရွာသွန်းပြီး လေပြင်းတိုက်ခတ်၊ လျှပ်တစ်ပြက်ရေကြီး၊မြေပြိုတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ကုန်းမြင့်ဒေသအနီး နေထိုင်သူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်ကို သတိထားဖို့နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေအနေနဲ့လည်း ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြဖို့ အကြံပြုထားပါတယ်။
ဒီမနက် အစောပိုင်းခန့်မှန်းချက်အရ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း"နို(လ်)"(NOUL)ဟာ ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့(Danang)ရဲ့ အရှေ့တောင်ဘက် မိုင်(၈၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။
အဆိုပါမုန်တိုင်းဟာ အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ ဒီနေ့ မွန်းလွဲပိုင်းမှာ ဒါနန်းမြို့(Danang)အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်ပြီး ကုန်းတွင်းသို့ ဝင်ရောက်ပြီးနောက် တစ်ဖြည်းဖြည်းအားလျော့သွားကာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ စက်တင်ဘာ ၁၉ ရက်မှာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေကို လေပွေလှိုင်းအဖြစ် ရောက်ရှိနိုင် ခန့်မှန်းထားပါတယ်။
အပူပိုင်းမုန်တိုင်း"နို(လ်)"(NOUL)ရဲ့ အရှိန်ကြောင့် စက်တင်ဘာ ၁၈ ရက်မှ ၂၂ ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင် ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်မိုးကြီးတာနဲ့ နေရာကွက် မိုးကြီးနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင် လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။
ကျန်မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိမှာ ဖြစ်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၈)ပေမှ (၁၁)ပေလောက်နဲ့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၅)ပေမှ (၈)ပေခန့်ရှိနိုင်တယ်လို့ မိုးဇလဌာနက ခန့်မှန်းထုတ်ပြန်ထားပါတယ်။