Home
မြန်မာသတင်း
မုံရွာခရိုင်ကျောင်းသားများသမဂ္ဂ ခေါင်းဆောင် ၁ ဦး ဖမ်းဆီးခံရ
DVB
·
September 17, 2020
မုံရွာခရိုင်ကျောင်းသားများသမဂ္ဂက အတွင်းရေးမှူး ကိုလင်းသူရကို ကို စက်တင်ဘာ ၁၇ ရက် နေ့လည်ပိုင်းမှာ ကလေးမြို့ရှိသူ့ရဲ့နေအိမ်မှာ    သက်ဆိုင်ရာက လာရောက်ဖမ်းဆီး လိုက်ပါတယ်။ ဗကသကျောင်းသားတွေဟာ ရခိုင်ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းပြသတဲ့အနေနဲ့  မုံရွာမြို့ပေါ်မှ  စက်တင်ဘာ ၁၄ ရက်နေ့က စတစ်ကာ ကမ်ပိန်းပြုလုပ်ခဲ့ကြတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက လာရောက်ဖမ်းဆီးခဲ့တာပါ။ လက်ရှိမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ၅၀၅(ခ)နဲ့ဖမ်းဆီးထားပြီး  ကိုလင်းသူရကို ကို ကလေးမြို့နေအိမ်ကနေ မုံရွာကိုခေါ်ဆောင်သွားမှာလို့  ရဲတပ်ဖွဲ့ကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မုံရွာခရိုင်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ဖြစ်သူ ကိုသီဟကျော်က ''ပြည်သူဘက်က ရပ်တည်တဲ့အတွက် ဗကသကျောင်းသားတွေဟာ ဒီလိုဖမ်းတာတွေကို ကြောက်နေမှာ မဟုတ်ဘူး။ လက်ရှိအစိုးရဟာ ကျောင်းသားတွေကိုဖမ်းတဲ့ကိစ္စမှာ စစ်ဘက်နဲ့ ပူးပေါင်းနေတာတွေ့ရလို့ ကန့်ကွက်ရှုတ်ချပါတယ်''လို့ ပြောပါတယ်။ စက်တင်ဘာ ၁၆ ရက်ကစပြီး မုံရွာက ဗကသကျောင်းသားတွေရဲ့နေအိမ်တွေကို ရဲအင်အား အလုံးအရင်းနဲ့ ဝင်ရှာဝင်စစ်တာတွေ လုပ်ခဲ့ကြသလို လက်ရှိမှာ ကျန်ခဲ့တဲ့ အဖွဲ့ဝင်ကျောင်းသားတွေ ကိုလည်း ထပ်မံဖမ်းဆီးဖို့ လုပ်နေကြတယ်လို့ ဗကသ အဖွဲ့ချုပ်က ပြောပါတယ်။  ဖမ်းဆီးခံ ရခိုင်ကျောင်းသားခေါင်းဆောင် ၃ ဦးကို ပြန်လွှတ်ပေးရေး တောင်းဆိုခဲ့တဲ့ ဗကသအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး၊ ကိုပိုင်မင်းခန့်တို့အပြင် မြင်းခြံခရိုင် ဗကသကျောင်းသား ကိုခန့်ကျော်ထက်နဲ့ အဖွဲ့ဝင်တဦးကိုလည်း ရန်ကုန်မှာ တရားစွဲထားပါတယ်။ ဒါ့အပြင် မိတ္ထီလာမြို့မှာ  စာရွက်တွေဝေ၊ စတေကာတွေကပ်ခဲ့တဲ့ မိတ္ထီလာတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသား  ၅ ဦးကိုလည်း နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ၊ ၅၀၅(ခ) တို့နဲ့ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။ သတင်း- နွေလှိုင်း(YU)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024