တယ်လီဖုန်းပြောခ အခုနှစ်အတွင်း လျှော့ချမည်ဟု ဆက်သွယ်ရေးပြော
DVB
·
June 28, 2013
မြန်မာ့ဆက်သွယ်ရေးက လက်ရှိ ကောက်ခံနေတဲ့ တယ်လီဖုန်း ပြောဆိုခ ၁ မိနစ် ကျပ် ၅၀ ဟာ ခေတ်ကာလ အခြေအနေနဲ့ လျော်ညီခြင်း မရှိတော့ဘူးဆိုတာ ၀န်ခံလိုက်ပြီး အခု ဘဏ္ဍာရေးနှစ်အတွင်း တယ်လီဖုန်း ပြောဆိုခတွေ လျှော့ချသွားမယ်လို့ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးသောင်းတင်က ထုတ်ဖော်ပြောဆိုပါတယ်။
ဇွန် ၂၈ ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးအတွင်း လသာမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးကြည်မြင့်ရဲ့ မေးခွန်းကို အခုလို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဦးကြည်မြင့်မေးသလို ဖုန်းဆက်သွယ်ပြောဆိုခ ၁ မိနစ် ၅ ကျပ်နှုန်းလောက်အထိပဲ ကောက်ခံမယ်ဆိုပြီး လာရောက် ကမ်းလှမ်းတဲ့ ဆက်သွယ်ရေး ကုမ္ပဏီတော့ မရှိကြောင်း၊ လာမယ့် ၂၀၁၄ ခုနှစ် ဆိုရင် လွတ်လပ်တဲ့ အော်ပရေတာ ကုမ္ပဏီ ၄ ခု ရှိလာမှာဖြစ်ပြီး ဈေးနှုန်းတွေ အပြိုင်လျှော့ချကြရင် တယ်လီဖုန်းဆက်ခတွေ ကျဆင်းလာမယ့်အကြောင်း ဦးသောင်းတင်က ရှင်းပြခဲ့ပါတယ်။