ကိုဗစ်-၁၉ ကြောင့် မွန်ပြည်သစ်နယ်မြေ၌ မဲဆွယ်စည်းရုံးခွင့် ကန့်သတ်
DVB
·
September 17, 2020
မြန်မာပြည်တွင်းမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ဆက်တိုက်မြင့်တက်လာပြီးနောက် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်း လွတ်လပ်စွာ မဲဆွယ် စည်းရုံးခွင့်ကို ပြန်လည် ကန့်သတ်လိုက်ပါတယ်။
လာမယ့်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေဟာ စက်တင်ဘာ ၈ ရက်နေ့ကစပြီး မဲဆွယ်စည်းရုံးခွင့်ရရှိထားရာမှာ မွန်ပြည်သစ်ပါတီ ထိန်းချုပ် နယ်မြေအတွင်းမှာလည်း နိုင်ငံရေးပါတီအနေနဲ့ လွတ်လပ်စွာ မဲဆွယ် စည်းရုံးခွင့်ရှိတယ်လို့ မွန်ပြည်သစ်ပါတီက ခွင့်ပြုထားတာပါ။
ဒါပေမဲ့ အခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှု ဆက်တိုက်မြင့်တက်လာပြီးနောက် မွန်ပြည်သစ်ပါတီ ထိန်းချုပ် နယ်မြေအတွင်း လွတ်လပ်စွာ မဲဆွယ် စည်းရုံးခွင့်ကို စက်တင်ဘာ ၁၅ ရက်နေ့စပြီး ပြန်လည် ကန့်သတ်လိုက်တာလို့ မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဗညားလယ်က ပြောပါတယ်။
နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးရေးဆင်းရာမှာ မွန်ပြည်သစ်ပါတီဗဟို မကန့်သတ်ထားတဲ့ မော်လမြိုင်ခရိုင်နဲ့ သထုံခရိုင်တွေမှာတော့ လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့် ရှိပါတယ်။
ဒါအပြင် မွန်ပြည်နယ်သစ်ပါတီရဲ့ ဗဟို ကိုဗစ်ထိန်းချုပ်ကာကွယ်ရေး ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ကူညီပေးနေတဲ့ INGO၊ CSO CBO နဲ့ လူမှုအဖွဲ့အစည်းတွေကို ကျန်းမာရေးလုပ်ငန်းကလွဲရင် ကျန်လုပ်ငန်းစဉ် အားလုံး ကန့်သတ်လိုက်တာပါ။
နိုင်ငံရေးပါတီတွေကတော့ ကိုဗစ်ကပ်ရောဂါကြောင့် မဲဆွယ်စည်းရုံးခွင့် ကန့်သတ်ချက်အပေါ် မှတ်ချက် မပေးလိုပေမယ့် ရောဂါထိန်းချုပ်နိုင်ရင် မဲဆွယ်စည်းရုံးခွင့် ပြန်ပေးဖို့ မျှော်လင့်တယ်လို့ မွန်ညီညွှတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမ ကပြောပါတယ်။
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းမှာတော့ ကျေးရွာပေါင်း ၆၀ ကျော် အိမ်ထောင်စု ၁၈၀၀၀ ၊ လူဦရေး ၉၀၀၀၀ ကျော်နေထိုင်နေတာပါ။
မွန်ပြည်သစ်ပါတီဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA ကို ပြီးခဲ့တဲ့ ၂၀၁၈ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။
သတင်း- ဇော်လွင်ထွဋ်