ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလ ဂမုန်းပွင့်ကုန်တိုက် ၂ ခုကို စက်တင်ဘာလကုန်ထိ ယာယီပိတ်မည်
DVB
·
September 17, 2020
လတ်တလော တကျော့ပြန်ကူးစက်မှုတွေ မြင့်တက်လာနေတဲ့ ကိုဗစ်-၁၉ ဒုတိယ လှိုင်းကာလအတွင်း ရန်ကုန်မြို့က ဂမုန်းပွင့်ကုန်တိုက် ၂ ခုကို လာမယ့်စက်တင်ဘာ ၂၀ ရက် နေ့ကနေ လကုန်တဲ့အထိ ယာယီပိတ်ထားမယ်လို့ သိရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဂမုန်းပွင့်ကုန်တိုက်ရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်ကတဆင့် အသိပေးထားခဲ့တာဖြစ်ကာ ပိတ်သွားမယ့် ဆိုင်ခွဲတွေကတော့ ကမ္ဘာအေးနဲ့ စံရိပ်ငြိမ် ဂမုန်းပွင့်ဆိုင်ခွဲ ၂ ခုဖြစ်တယ်လို့ ဆိုပါတယ်။
ကျန်တဲ့ဆိုင်ခွဲတွေ အားလုံးကိုတော့ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ မနက် ၁၀ နာရီကနေ ည ၇ နာရီထိ ဖွင့်လှစ်ရောင်းချ သွားမယ်လို့ ဆိုပါတယ်။
ဂမုန်းပွင့်ကုန်တိုက်တွေကိုတော့ ရန်ကုန်မြို့မှာ မြေနီကုန်း၊ ဘိုကလေးဈေး၊ သိမ်ကြီးဈေး၊ ကမ္ဘာအေး၊ စံရိပ်ငြိမ် စတဲ့နေရာတွေမှာ ဖွင့်လှစ်ထားတာပါ။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုဟာ လတ်တလောအချိန်ထိ တရိပ်ရိပ် မြင့်တက်နေဆဲ ဖြစ်ပါတယ်။
တကျော့ပြန် ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလ ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာ နိုင်ငံကတော့ ရောဂါကူးစက်ခံရသူ အရေအတွက် ၃,၈၉၄ ယောက်၊ စုစုပေါင်း သေဆုံးသူ ၄၆ ယောက်နဲ့ အာဆီယံနိုင်ငံတွေထဲမှာ ရောဂါကူးစက်ခံရမှုအမြင့်ဆုံးအဆင့် ၅ နိုင်ငံစာရင်းထဲ ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ စတင်တွေ့ရှိခဲ့ပြီး ပြီးခဲ့တဲ့ လက ရခိုင်ပြည်နယ်က တကျော့ပြန်ကူး စက်မှုတွေ ရှိလာခဲ့အပြီးမှာတော့ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ သိသိသာသာ မြင့်တက်လာခဲ့ပြီး သေဆုံးသူအရေအတွက်လည်း မြင့်တက်ခဲ့တာပါ။