Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် ကိုဗစ်-၁၉ ပိုးတွေ့သည့် မြို့နယ် ၁၀ မြို့နယ်ရှိလာ
Aung Ko Latt
·
September 17, 2020
စစ်ကိုင်းတိုင်းဒေသကြီးမှာ စက်တင်ဘာလဒုတိယပတ်ကစတင်ကာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ တဖြည်းဖြည်း တိုးလာနေရာမှာ စက်တင်ဘာလ ၁၇ ရက် မနက်အထိ မြို့နယ်ပေါင်း ၁၀ မြို့နယ်မှာ ရောဂါပိုးတွေ့ရှိသူလူနာ ၁၂ ဦးထိ ရှိနေပြီ ဖြစ်ပါတယ်။ ရောဂါကူးစက်ခံရသူတွေက အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၇ ဦးတို့ဖြစ်ကြပြီး လူငယ်တွေ အများဆုံးပါဝင်ကာ တရုတ်နိုင်ငံက ပြန်လာသူတစ်ဦးကလွဲလို့ ကျန်သူတွေက ပြည်တွင်းကူးစက်ခံ လူနာတွေ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ကာစအချိန်ကလည်း ပိုးတွေ့လူနာ ၉ ဦးထိ တွေ့ရှိခဲ့ ပါသေးတယ်။ ဒီနေ့မနက်ပိုင်းမှာလည်း ဒီပဲယင်းမြို့နယ်၊ တည်တောကျေးရွာမှာ ကွာရင်တင်းဝင်နေတဲ့ ရန်ကုန်ပြန် အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးထံက ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ လက်ရှိမှာတော့ မြို့နယ်ဆေးရုံမှာ သီးခြားစောင့်ကြည့်ကုသပေးဖို့ ရွှေ့ပြောင်းတာတွေ လုပ်ဆောင်နေပါတယ်။ တည်တောကျေးရွာ လူမှုကူညီရေးအသင်းမှ ဦးအောင်နိုင်တင့်က “သူ့ရဲ့ နှာခေါင်း၊ အာခေါင်တို့ဖတ်ကို ၁၅ ရက်နေ့က ပို့လိုက်တယ်။ ဒီမနက် ပိုးတွေ့တယ်ဆိုတဲ့ အဖြေရတာပါ။ ရောက်တာက ၆ ရက်နေ့က ရောက်တာ။ မင်္ဂလာဒုံမြို့နယ်ကနေ ပြန်လာတာ။ သူနဲ့ ကားအတူစီးခဲ့တဲ့သူတွေကိုလည်း စာရင်းပြုစုနေပါတယ်။ ရွာမှာ ကွာရင်တင်းဝင်တာက သူနဲ့ သူ့အစ်ကိုနဲ့ နှစ်ယောက်ပဲရှိတယ်။ သူ့အစ်ကိုကတော့ Negative ပါ။ လောလောဆယ်တော့ ရွာအနေအထားကတော့ ပုံမှန်ပါပဲ။ Mask တော့ နည်းနည်းလိုအပ်တယ်။ တအားကြီး စိုးရိမ်ကြောင့်ကြတဲ့ပုံကတော့ မရှိကြပါဘူး။”လို့ ပြောပါတယ်။ စစ်ကိုင်းတိုင်းအတွင်း ပိုးတွေ့လူနာများလာတဲ့အတွက် အစိုးရကထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်အမိန့် ညွှန်ကြားချက်တွေကိုလည်း စက်တင်ဘာလကုန်အထိ ရက်တိုးသတ်မှတ်ထားပါတယ်။  ဒါ့အပြင် တိုင်းအတွင်းပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေ၊ ရေယာဉ်လိုင်းတွေကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ထားပြီး စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေလည်း ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ ညွှန်ကြားထားပါတယ်။  အရင်ကနဲ့စာရင်တော့ ပြည်သူတွေကလည်း အသွားအလာ မပျက်ပေမယ့် အပြင်ထွက်ရင် Mask တပ်သူများလာသလို တချို့တွေကတော့ Face Shield တွေကိုပါ အသုံးပြုလာနေကြပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024