Home
မြန်မာသတင်း
နေပြည်တော်ဘူတာကြီးအနီးရန်ပွဲဖြစ်ပွား၊ ကြံ့ခိုင်ရေးပါတီနှင့် ရွာသားများ အပြန်အလှန်အမှုဖွင့်
DVB
·
September 17, 2020
ပုဗ္ဗသီရိမြို့နယ်အတွင်းက နေပြည်တော်ဘူတာကြီးအနီးမှာ စက်တင်ဘာ ၁၆ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ ရန်ပွဲနဲ့  ပတ်သက်ပြီး  ကြံ့ခိုင်ရေးပါတီတာဝန်ရှိသူတွေနဲ့ သစ်ရာကုန်းရွာသားတွေအကြား အပြန်အလှန်အမှုဖွင့်နေကြပါတယ်။ နေပြည်တော် ဘူတာကြီးအနီးမှာ ကျွဲကျောင်းနေတဲ့ သစ်ရာကုန်းရွာက လူငယ် ၄ ဦးနဲ့ ကြံ့ခိုင်ရေးပါတီ မဲဆွယ်ယာဉ်တန်းမှာ လိုက်ပါလာသူတချို့ အပြန်အလှန် စနောက်ရာကနေ ရန်ပွဲ စတင်ဖြစ်ပွားခဲ့တယ်လို့ လူငယ် ၄ ဦးဘက်က ပြောပေမဲ့  ကြံ့ခိုင်ရေးပါတီဘက်ကတော့ လူငယ် ၄ ဦးက စတင်ဆဲဆိုခဲ့တာလို့ ပြောပါတယ်။ ကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက “အန်အယ်လ်ဒီတီရှပ်အနီ ဝတ်ထားတဲ့ ကျွဲကျောင်းနေတဲ့ နှစ်ယောက်ကနေပြီးတော့ ဖြတ်သွားတဲ့ ဆိုင်ကယ်သုံးစီးကို လှမ်းအော်တယ်။ ဆဲတယ်ပေါ့။ ကလေးတွေက ကျော်သွားပြီးတော့မှ ဘာဖြစ်လို့ ဆဲတာလဲ မေးတဲ့အချိန်မှာ အနီးကပ်ပြီးတော့မှ လေးခွနဲ့ ပစ်တယ်ပေါ့။ လေးခွနဲ့ ပစ်တဲ့အချိန်မှာ တခြားကားတွေကလည်း ရုတ်ရုတ်ဖြစ်တာမြင်တော့ အနောက်ကကားတွေက ရပ်လိုက်တယ်ပေါ့။ ရပ်ပြီးတော့လေးခွနဲ့ပစ်တဲ့ကလေးကို ဝိုင်းထားပြီးတော့မှ မင်းဘာလို့ လုပ်တာလဲ ဘယ်ရွာကလဲ ဘာညာမေးတဲ့အချိန်မှာ နောက်တစ်ယောက်ကနေပြီးတော့ ရွာထဲကို ဖုန်းဆက်တယ်ပေါ့။”လို့ ပြောပါတယ်။ ဒါ့အပြင် အခင်းဖြစ်ပွားရာနေရာနဲ့ သစ်ရာကုန်းရွာဟာ လမ်းလျှောက်သွားပါက ဆယ့်ငါးမိနစ် မိနစ် နှစ်ဆယ်လောက် သွားရမှာဖြစ်ပေမဲ့ ခိုက်ရန်ဖြစ်ပွားပြီး မိနစ်ပိုင်းအကြာမှာပဲ ရွာအတွင်းက လူတွေ တုတ်၊ ဓားလက်နက်တွေ ကိုင်ဆောင်ပြီး ရောက်ရှိလာတယ်လို့လည်း ဆိုပါတယ်။  ကျွဲကျောင်းနေတဲ့ လူငယ် ၄ ဦး ထဲက အန်အယ်လ်ဒီတီရှပ်အနီရောင်ကို ဝတ်ဆင်ထားသူ ကတော့ အသက် ၁၇ နှစ်အရွယ် ရွှေတိုးဆိုသူဖြစ်ပြီး ကျန်လူငယ်တွေကတော့  ကိုးတန်း၊ ရှစ်တန်းနဲ့ ခု နှစ်တန်းအရွယ်ကျောင်းသားတွေဖြစ်ပါတယ်။ ရွှေတိုးရဲ့ အဖိုးဖြစ်သူ ဦးကျော်ဝင်းက “ကျနော်တို့ အခုဖြစ်တဲ့ ကလေးလေးယောက်က အသက်လည်း မပြည့်သေးဘူး။ ဘာမှမသိသေးဘူး။ ဆယ်တန်းကျောင်းသားလေးတွေ၊ ၁၇ နှစ်ပဲ ရှိသေးတယ် အကြီးဆုံးကောင်မှ။ တစ်ယောက်က ကိုးတန်း၊ တစ်ယောက်က ခုနှစ်တန်း၊ တစ်ယောက်က ရှစ်တန်း၊ ကျောင်းတွေမဖွင့်တော့ ပိတ်ထားတော့ မိဘတွေက ကျွဲကျောင်းခိုင်း ထားတာ၊ အဲ့တာကို ပြန်လာတော့ သူတို့ကားတန်းကြီးက တောင်ကနေ လာတာ၊ ကျနော်တို့လည်း သူတို့စည်းရုံးရေးဆင်းတာလည်း ဘယ်သူမှမသိဘူး။ အဲ့တာကို သူတို့ကလည်း လက်ယပ်ပြတော့ ဒီဘက်က ကလေးတွေကလည်း လက်ယပ်ပြတာပေါ့။ ပြတော့ ကောင်လေး ကျနော့်မြေး တစ်ယောက်က အန်အယ်လ်ဒီအင်္ကျီဝတ်ထားတယ်။ ဝတ်ထားတဲ့ကောင်ကို လာပြီးတော့ ဒုတ်တွေနဲ့ ရိုက်၊ ဖိနပ်တွေနဲ့ရိုက် အဲ့လိုရိုက်တာ၊ အဲ့တော့ ကျနော့်မြေးက တံတောင်ဆစ်အထက်နားမှာ သွေးထွက်သွားတယ်။ ရိုက်မိသွားတာ။ ” လို့ ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီပါတီဝင်တွေနဲ့ ကြံ့ခိုင်ရေးပါတီ မဲဆွယ် ယာဉ်တန်း ခိုက်ရန်ဖြစ်ပွားတယ်လို့ ပြောဆိုနေကြတာတွေလည်းရှိနေသလို မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၂ မှာ ဝင်ပြိုင်မယ့် အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်း ဦးမောင်မောင်ဆွေ အခင်းဖြစ်ပွားရာကိုမိနစ်ပိုင်းအတွင်း ရောက်ရှိခဲ့တဲ့အပေါ်မှာလည်း ကြံ့ခိုင်ရေးပါတီဘက်က ဝေဖန်မှု တွေရှိနေပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဦးမောင်မောင်ဆွေက “သူတို့ကတော့ ပြောမှာပဲ၊ တာဝန်ရှိတဲ့သူတွေ ကျနော့်ရဲ့ခရီးစဉ်မှတ်တမ်းကို ကြည့်လိုက်ပါ၊ ယာဉ်တန်း နှစ်ခုဆုံတာမဟုတ်ပါဘူး။ ကလေးတွေက ကျွဲကျောင်းနေတာပါ။ တရွာလုံး အဲ့ဒီ သစ်ယာကုန်းတစ်ရွာလုံးကို မေးလို့ရပါတယ်။ ကျနော်ရောက်သွားတဲ့အချိန်မှာလည်း ကျနော်ပြောတယ်ဆိုတာလည်း အလွတ်ပြောတာ မဟုတ်ပါဘူး။ အဲ့ဒီကလေးတွေ၊ ပတ်ဝန်းကျင်ကလူတွေကို တာဝန်ရှိတဲ့သူတွေက စစ်ဆေးတာကို ကျနော်ပြောတာ” လို့ ပြောပါတယ်။ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ကြံ့ခိုင်ရေးပါတီက ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ပုဗ္ဗသီရိကုတင် ၃၀၀ ဆေးရုံမှာတက်ရောက်ကုသမှုခံယူနေရတယ်လို့ လည်း ဆိုပါတယ်။  ဒေါ်ယဉ်မင်းမြင့်ဆွေက “ပြောချင်တာက အားလုံးတန်းတူညီမျှစွာ နိုင်ငံရေးပါတီတွေအားလုံး က ပြည်သူတွေဆီက မဲဆွယ်ဖို့ပေါ့နော် ကြိုက်နှစ်သက်ရာနည်းလမ်းနဲ့ တရားဥပဒေဘောင်ထဲက ဆောင်ရွက်ခွင့်ရပါလျက်နဲ့ တစ်ယောက်နဲ့တစ်ယောက်၊ အဖွဲ့အစည်းတစ်ခုနဲ့တစ်ခုကို ငါနဲ့မတူ ငါ့ရန်သူပုံစံမျိုးနဲ့ ဖျက်လိုဖျက်ဆီးလုပ်လာတာဆိုတာက လူထုအုံကြွမှုကို ဖန်တီးတာပဲ။ မင်းမဲ့စရိုက် ဆန်ဆန်လုပ်တာပဲ။” လို့ ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ရဲစခန်းမှာ ပုဗ္ဗသီရိမြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌက တရားလိုလုပ်ပြီး အမှုဖွင့်ဖို့ ဆောင်ရွက်နေပါတယ်။ တစ်ဘက် သစ်ရာကုန်းရွာသား လူငယ် ၄ ဦးဘက်က အုပ်ထိန်းသူတွေကလည်း ကျည်တောင်ရဲစခန်းမှာပဲ အမှုဖွင့်ဖို့ အတွက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီအမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျည်တောင်ရဲစခန်းမှူးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။ သတင်း - ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024