ကျောင်းကုန်းမြို့နယ်က ကျန်းမာရေးဝန်ထမ်း၂ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
September 16, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်က ကျန်းမာရေးဝန်ထမ်း ၂ ဦး ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရတယ်လို့ ပုသိမ်တိုင်းဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ပြောပါတယ်။
“ဧရာဝတီက ကျန်းမာရေးဝန်ထမ်းနှစ်ယောက်စပြီး ထိပါပြီး ကျောင်းကုန်းထွက်တဲ့ ၉ ယောက်ထဲမှာ ၂ ယောက် ကျန်းမာရေးဝန်ထမ်းတွေ ဖြစ်ပါတယ်။ တစ်ယောက် အထက်တန်း သူနာပြုဖြစ်ပြီးတော့ မြို့နယ်ကျန်းမာရေးမှူးလို့ ခေါ်ပါတယ်။ တကယ်ရှေ့တန်းတိုက်စစ်က အလုပ်လုပ်ရတဲ့သူတွေပေါ့”လို့ ဒေါက်တာသန်းမင်းထွဋ်က ပြောပါတယ်။
စက်တင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာစာရင်းမှာ ဧရာဝတီတိုင်းဒေသကြီးက အတည်ပြုလူနာ ၂၀ ဦး တိုးလာကြောင်း သိရှိရပါတယ်။
ဒီအထဲမှာ ပုသိမ်က ၂ ယောက်၊ ညောင်တုန်းက ၁ ယောက်၊ မအူပင်က ၁ ယောက်၊ ဖျာပုံက ၄ ယောက်၊ ကျောင်းကုန်းက ၉ ယောက်၊ အင်္ဂပူက ၁ ယောက်၊ ကန်ကြီးထောင့်က ၁ ယောက်၊ ဝါးခယ်မက ၁ ယောက် ပါဝင်ပါတယ်။
“ပြည်သူတွေကို မှာချင်တာ ဆရာတို့ဝန်ထမ်းတွေကလည်း ဆရာတို့စွမ်း သလောက် နေ့ကောညကော မပိတ်တော့ဘူး။ အလုပ်တွေလုပ်နေကြတဲ့ လုပ်တဲ့အခါ ထိလာခိုက်လာတယ်။ ပြည်သူတွေဘက်က စည်းကမ်းလိုက်နာဖို့ ပိုလိုနေပါပြီ”လို့ ပုသိမ်တိုင်းဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က တိုက်တွန်းပြောကြားပါတယ်။
ဧရာဝတီတိုင်းအတွင်း ကိုဗစ် ဒုတိယလှိုင်းမှာ အတည်ပြုလူနာ ၅၀ ဦးရှိပြီး ပထမလှိုင်းမှာ အတည်ပြုလူနာ ၂ ဦးရှိကာ ၂ ဦးစလုံးဆေးရုံမှဆင်းသွားပြီဖြစ်ပါတယ်။
ဧရာဝတီတိုင်းမှာ ကိုဗစ်-၁၉ လူနာတွေကို ပုသိမ်တိုင်းဆေးရုံ၊ မြောင်းမြခရိုင်ဆေးရုံ၊ မအူပင်ခရိုင်ဆေးရုံ၊ ဖျာပုံခရိုင်ဆေးရုံနဲ့ ဟင်္သာတခရိုင်ဆေးရုံတွေမှာ ကုသပေးနေပါတယ်။
သတင်း - စည်သူမောင်မောင်