ကိုဗစ်-၁၉ လူနာ ၆ ဦးတွေ့ထားသည့် EMC အိတ်စက်ရုံ ယာယီပိတ်ပေးရန် တောင်းဆို
DVB
·
September 16, 2020
လုပ်သား ၈၀၀၀ ကျော်လုပ်ကိုင်နေတဲ့ ရန်ကုန်တိုင်း မင်္ဂလာဒုံစက်မှုဇုန်က EMC အိတ် စက်ရုံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ လုပ်သား ၆ ဦး အထိတွေ့ရှိလာလို့ စက်ရုံကို ယာယီပိတ်ပြီး ကျန်းမာရေးပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ဆောင်ရွက်ပေးဖို့ အလုပ်သမားတွေက တောင်းဆိုလိုက်ပါတယ်။
EMC အိတ်စက်ရုံမှာ စက်တင်ဘာ ၁၅ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်ခံရတဲ့ လုပ်သား ၆ ဦးအထိ တွေ့ရှိလာပြီး ကျန်လုပ်သားတွေအနေနဲ့ စက်ရုံကို ယာယီပိတ်ပြီး ကျန်းမာရေး ပိုင်းဆိုင်ရာ လိုအပ်ချက်တွေဆောင်ရွက်ပေးဖို့ အလုပ်သမားတွေက တောင်းဆိုနေတာပါ။
စက်ရုံလုပ်သားတစ်ဦးက “လက်ရှိမှာအလုပ်သမားတွေက အလုပ်မလာရဲကြဘူးဖြစ်နေပြီ၊ ရောဂါပိုးအကူးခံရမှာရော၊ ကွာရန်တင်းဝင်ရမှာရော ကြောက်နေကြတယ်။ ပိုးတွေ့ လူနာတွေကြောင့် ကွာရန်တင်းထိတာလည်း မနည်းတော့ဘူး ရာချီနေပြီ။ အလုပ်ကို တစ်ပတ် ဒါမှမဟုတ် ၁၀ ရက်ပိတ်ပေးပြီး ကျန်းမာရေးပိုင်း ဆိုင်ရာညီညွှတ်အောင် ပြင်ဆင်ဆောင်ရွက်ပေးစေချင်တယ်။”လို့ ပြောပါတယ်။
EMC စက်ရုံကိုတော့အခု လက်ရှိလုပ်ငန်းဆက်လက်လုပ်ကိုင်ခွင့်ပြုထားဆဲဖြစ်ပြီး စက်ရုံ ပိတ်ဖို့ အပိုင်းတွေကိုတော့ တိုင်းဒေသကြီးအစိုးရကို တင်ပြထားတယ်လို့ အလုပ်သမားဌာနတွေက သိရပါတယ်။
ဒီစက်ရုံက ပိုးတွေ့လူနာ case 1013 ကနေစပြီး ပိုးတွေ့ရှိခဲ့တာဖြစ်သလို အခုဆိုရင် ပိုးတွေ့လူနာ ၆ ဦးအထိ ထပ်တိုးတွေ့ရှိလာတာပါ။
ရောဂါပိုးတွေ့လူနာတွေလုပ်ကိုင်ခဲ့တဲ့ စက်ရုံတွေနဲ့ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလုပ်သမားလူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွေ ကတော့ အလုပ်သမားလုပ်ခပိုင်းဆိုင်ရာ ပေးချေရမယ့် အခြေအနေတွေ၊ လုပ်ငန်းရှင်ရဲ့ရင်းနှီးမြှုပ်နှံမှု အခြေအနေတွေနဲ့ နိုင်ငံတော်စီးပွားရေး အခြေအနေတွေ ပေါ်မူတည်ပြီး ဆက်လက်လုပ်ကိုင်ခွင့် ပြုထားတာလို့ ဆိုပါတယ်။
သတင်း- ဇာခြည်