Home
မြန်မာသတင်း
မဲဆောက်တွင် ပွဲစားကခေါ်ဆောင်လာသည့် မြန်မာ ၁၀ ဦး ဖမ်းဆီးခံရ 
DVB
·
September 16, 2020
မြန်မာနိုင်ငံဘက်မှာ  ကိုဗစ်- ၁၉ ကပ်ရောဂါကူစက်မှုနှုန်း မြင့်မားလာတဲ့နောက် ထိုင်းဘက်ခြမ်းမှာ လုံခြုံရေးတွေ ပိုမိုတင်းကြပ်ထားပေမယ့် တရားမဝင် ဝင်ရောက်လာသူတွေ ရှိနေဆဲ ဖြစ်ပါတယ်။  စက်တင်ဘာ ၁၅ ရက်က  တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာ ပွဲစားက လာပစ်ထားတဲ့ မြန်မာနိုင်ငံသား ၁၀ ဦး (အမျိုးသား ၇ ဦး ၊ အမျိုးသမီး ၃ ဦး) တို့ကို ဖမ်းဆီးရမိတယ်လို့  INN News ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ မဲဆောက်မြို့ ဆန်တွန့်ပင်အုပ်စုထဲမှာ မသင်္ကာဘွယ် လူတစ်စုရောက်နေကြောင်း ပြည်သူ တွေက သတင်းပေးလို့  ရဲ၊ စစ်တပ်နဲ့ အုပ်ချုပ်ရေးပိုင်းတွေ ပါဝင်တဲ့အဖွဲ့ဟာ အဆိုပါနေရာကို သွားရောက်စစ်ဆေးခဲ့ပြီး သူတို့မှာ ထိုင်းနိုင်ငံထဲဝင်ရောက်ခွင့် အထောက်အထားတစုံတရာမရှိဘဲ ပွဲစားက လာပစ်ထားတာလို့ သိရကြောင်း တာဝန်ရှိသူမှ သတင်းထောက်တွေကို ပြောပါတယ်။   တချိန်တည်းမှာဘဲ မဲဆောက်ဆေးရုံကြီးနဲ့ ပြည်သူ့ကျန်းမာရေးဌာနက တာဝန်ရှိသူတွေကို ခေါ်လိုက်ပြီး ကျန်းမာရေးစစ်ဆေးစေခဲ့ရာမှာ ကနဦးတွေ့ရှိချက်အရ သူတို့ ၁၀ ဦးလုံး ကိုယ်အပူချိန် ပုံမှန်ရှိကြောင်း၊ အဲဒီနောက် လဝကဥပဒေနဲ့ အရေးယူဖို့ မဲဆောက်ရဲစခန်းကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။  ဒီကိစ္စနဲ့ ပတ်သက်ပြီး မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက သူတို့ ၁၀ ဦးဟာ  ပွဲစားကို ပိုက်ဆံပေးပြီး ဘန်ကောက်ကို ဆင်း ဖို့ဖြစ်ကြောင်း၊ ပွဲစားက စစ်ဆေးရေးအဖွဲ့တွေရှိတာသိတော့ ကြောက်ပြီး သူတို့ကို ထားခဲ့ကြောင်း ဒီဗွီဘီကို ပြောပါတယ်။  “ပွဲစားက သူတို့ဆီကနေ ဘတ် နှစ်ထောင်ကနေ သုံးထောင်ထိ၊ တချို့က ငါးထောင်  ခြောက်ထောင်အထိ ယူပြီးတော့ မြဝတီကနေ မဲဆောက်ကို ခွဲပြီးတော့သွင်းလာတာလို့ သိရတယ်။ ဘန်ကောက်မှာ ဆက်ပြီး အလုပ်လုပ်ရမယ်ဆိုပြီးတော့ အကျိုးဆောင်ခတွေ  ယူထားပြီးပြီ ဒီဘက်ရောက်တော့မှ လုံခြုံရေးက သိသွားပြီဆိုတာသိလို့ ပစ်ထားလိုက်တာ၊ ပွဲစားကလည်း မြန်မာပဲ နှစ်ယောက်ရှိတယ်တဲ့ ထွက်ပြေးလွတ်မြောက်နေတာ။”  မြန်မာနယ်စပ်ဘက်ကနေ ထိုင်းဘက်ကိုဝင်ရောက်ဖို့ ကြိုးစားနေသူတွေမှာ ရာနဲ့ချီရှိကြောင်း၊ ပွဲစားက လုံခြုံရေးတပ်ဖွဲ့လက်ထဲကနေ လွတ်နိုင်မလားဆိုပြီး လူတချို့ကိုခွဲပြီး အစမ်းအနေနဲ့ ခေါ်လာကြည့်တာမှာ အခုလိုလုံခြုံရေးနဲ့တွေ့တာလို့ ဦးမိုးကြိုးက ပြောပါတယ်။  ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် နယ်စပ်အဝင်အထွက်ပိတ်ထားတာ ကြာပြီ ဖြစ်ပြီး ခွင့်ပြုချက်မရဘဲ ဝင်ထွက်သွားလာတယ်ဆိုရင် ကူးစက်ရောဂါကာကွယ်ရေးဥပဒေအရ  ထောင်ဒဏ် အနည်းဆုံး ၆ လမှ အများဆုံး ၁ နှစ်ထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၂ သိန်းထက်မပို ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံးကျခံရနိုင်ပါတယ်။  ကိုးကား- INN News  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024