Home
မြန်မာသတင်း
ချွတ်ပြင်နှင့် မောင်နုရွာဖြစ်စဉ်များကို နှစ်မကုန်ခင် စစ်တရားရုံးက စတင်စစ်ဆေးမည်
DVB
·
September 15, 2020
ချွတ်ပြင်နဲ့ မောင်နုရွာဖြစ်စဉ်တွေကို  နှစ်မကုန်ခင် စစ်တရားရုံးနဲ့ စတင်စစ်ဆေး ဆောင်ရွက်နိုင်တော့မယ်လို့  တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က စက်တင်ဘာ ၁၄ ရက်နေ့ မှာ ထုတ်ပြန်ပါတယ်။ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့  ချွတ်ပြင်နဲ့ မောင်နုရွာဖြစ်စဉ်တွေကို စုံစမ်းစစ်ဆေးဖို့ ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့ကတည်းက  ဗိုလ်ချုပ် မြတ်ကျော် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးကိုဖွဲ့စည်းဆောင်ရွက်နေတာဖြစ်ပါတယ်။ မောင်နုရွာဖြစ်စဉ် စုံစမ်းရာမှာ  စွပ်စွဲဖော်ပြနေကြတဲ့ တောင်ဘဇာရွာ ဖြစ်စဉ်လည်း ပါဝင်တယ်လို့လည်း တပ်မတော်သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။  ဒါ့အပြင် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်(ICOE)ရဲ့  အပြီးသတ် အစီရင်ခံစာနဲ့ တခြားသတင်းအချက်အလက်တွေ အပေါ် စစ်ဥပဒေချုပ်ရုံးရဲ့  စိစစ်သုံးသပ်ခဲ့မှုအရ ၂၀၁၆-၂၀၁၇ မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ  ဖြစ်နိုင်ဖွယ်ရှိတဲ့ ချိုးဖောက်မှုတွေရဲ့ ကျယ်ပြန့်တဲ့ အသွင်သဏ္ဍာန်ကို  စုံစမ်းစစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။ မောင်တောနယ်မြေရှိကျေးရွာတွေမှာ  ဖြစ်ပွားခဲ့တယ်ဆိုတဲ့  စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နေတဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ  ပါဝင်ကြောင်းလည်း တပ်မတော် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ရခိုင်ပြည်မြောက်ပိုင်းက ကိစ္စတွေကို စုံစမ်းခဲ့တဲ့ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Commission of Enquiry –ICOE) ရဲ့ အပြီးသတ်အစီရင်ခံစာကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၂၀ ရက် နေ့က ထုတ်ပြန်ပြီး သမ္မတဆီ ပေးအပ်ခဲ့သလို သမ္မတကလည်း အစီရင်ခံစာနဲ့ နောက်ဆက်တွဲတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့ဆီ ပေးပို့ခဲ့ပါတယ်။ အစီရင်ခံစာမှာ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင် မြို့နယ်တို့မှာ အရပ်သားတွေကို သတ်ဖြတ်တာ၊ လုယက်မှုကျူးလွန်တာ၊ နေရပ်စွန့်ခွာသွားသူတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးတာ စတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း ဖော်ပြထားပြီး အထူးသဖြင့် မင်းကြီးရွာ (တူလာတိုလီ)၊ ချွတ်ပြင်ရွာနဲ့ မောင်နုရွာတို့မှာ အသက်ဆုံးရှုံးမှု များပြားခဲ့တာကို ကော်မရှင်က စုံစမ်းတွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ၂ဝ၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်က အာဆာအကြမ်းဖက်အဖွဲ့တွေကို နှိမ်နင်းတဲ့စစ်ဆင်ရေးအတွင်း ဘူးသီးတောင်မြို့နယ် တောင်ဘဇာရွာနဲ့ တခြားရွာတွေမှာ လူတွေကို အစုလိုက်သတ်ဖြတ်မှုမှာ ကိုယ်တိုင်ပါဝင်ခဲ့တယ်ဆိုပြီး  အေအေအဖွဲ့ရဲ့ ဖမ်းဆီးခံထားရတဲ့  တပ်သား မျိုးမင်းထွန်းနဲ့ တပ်သား ဇော်နိုင်ထွန်းတို့က မကြာသေးခင်က ထွက်ရှိတဲ့ ရုပ်သံဗီဒီယိုမှာ ပြောထားပါတယ်။ အဆိုပါ တပ်သားနှစ်ယောက်ဟာ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး (အိုင်စီစီ) မှာ သက်သေထွက်ဆိုဖို့ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့မှာ ရောက်နေတယ်လို့  Fortifiy Rights လူ့အခွင့်အရေးအဖွဲ့နဲ့ သတင်းမီဒီယာတချို့မှာ ရေးသားဖော်ပြနေပေမဲ့ သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024