မွန်ညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုး ကွယ်လွန်
DVB
·
September 15, 2020

မွန်ညီညွတ်ရေးပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာ မင်းနွယ်စိုးဟာ စက်တင်ဘာ ၁၄ ရက် ညပိုင်းမှာ ကွယ်လွန်သွားတယ်လို့ မွန်ညီညွတ်ရေးပါတီက ထုတ်ပြန်လိုက်ပါတယ်။
အသက် ၇၂ နှစ် ရှိပြီဖြစ်တဲ့ ဒေါက်တာမင်းနွယ်စိုးဟာ မုဒုံမြို့နယ် ညောင်ကုန်းကျေးရွာက သူ့ရဲ့ နေအိမ်မှာ မနေ့ည ၇ နာရီ ၄၀ မိနစ်လောက်က လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
ဒေါက်တာမင်းနွယ်စိုးဟာ ပြီးခဲ့တဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ထဲမှာ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး မွန်တိုင်းရင်းသားရေးရာနဲ့ မွန်စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ နှစ်ပေါင်းစွာ ဦးဆောင်ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒေါက်တာမင်းနွယ်စိုးဟာ မွန်အမျိုးသားဝတ်စုံ စတင်ဖော်ထုတ်တဲ့လုပ်ငန်းမှာ ဦးဆောင် ပါဝင်ခဲ့သလို၊ နွေရာသီမွန်စာပေသင်တန်း စတင်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။
ဒါအပြင် သုဝဏ္ဏဘူမိရှေးဟောင်း အမွေအနှစ် ရှာဖွေဖော်ထုတ်ရေး လုပ်ငန်းစဉ်မှာ အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့သူလည်း ဖြစ်တဲ့အပြင် စာပေရေးသားတာနဲ့ သုတေသနပြုတဲ့ လုပ်ငန်းတွေကို ဘဝတလျှောက် လုပ်ကိုင်ခဲ့ပြီး ဆောင်းပါး၊ သုတေသနစာတမ်းတွေနဲ့ စာအုပ်ပေါင်းများစွာ ရေးသားပြုစုခဲ့ပါတယ်။
ဒေါက်တာမင်းနွယ်စိုးဟာ ဝန်ထမ်းဘဝမှာလည်း ကယားပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး အထိအဆင့်ဆင့် တာဝန်ထမ်းဆောင်ပြီးနောက် အငြိမ်းစားယူခဲ့သူလည်း ဖြစ်ပါတယ်။
သတင်း - ဇော်လွင်ထွဋ်