Home
မြန်မာသတင်း
ရန်ကုန်အတွက် ကယားပြည်နယ်မှ ကျန်းမာရေးဝန်ထမ်း ၂၀ ဦးစေလွှတ်
နော်နိုရင်း
·
September 15, 2020
119472290_10220914789312869_8484883599138140973_o
119464456_10220914788992861_8975742274078790041_o
119445089_10220914785712779_8105768543095009698_o
119161748_10220914789792881_6645918987476473629_o
119161126_10220914789512874_6325404698403531156_o
119149078_10220914785672778_7710528799314650463_o
ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်နေတဲ့ ရန်ကုန်မြို့မှာ အားဖြည့်ကူညီဖို့ ကယားပြည်နယ်က ကျန်းမာရေးဝန်ထမ်း အယောက် ၂၀ ဟာ ဒီကနေ့မနက် ၅ နာရီကျော်က လွိုင်ကော်မြို့က နေ စတင်ထွက်ခွာသွားပါတယ်။ အစိမ်းရောင်ဝတ် သူနာပြုဆရာမကြီး  ၁ ဦး ခေါင်းဆောင်ပြီး အထက်တန်းသူနာပြု ၇ ဦး၊ အနီရောင်ဝတ်သူနာပြု ၁၂ ဦး စုစုပေါင်း အယောက် ၂၀ ထွက်ခွာတာဖြစ်ပါတယ်။ သူတို့တွေဟာ ရန်ကုန်မြို့ ဖောင်ကြီးဆေးရုံနဲ့ ဒဂုံဆိပ်ကမ်း ဆေးရုံ ၂ ခုက ကိုဗစ်လူနာအတွက် သွားရောက်ဆောင်ရွက်မှာဖြစ်တယ်လို့ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောပါတယ်။ “ဖောင်ကြီး ၁၀ ဦးနဲ့ ဒဂုံဆိပ်ကမ်းမှာရှိတဲ့ ကိုဗစ်လူနာတွေထားရှိမယ့် ဒဂုံဆေးရုံကို ၁၀ ဦး၊ စုစုပေါင်း ၂၀ ဦးက ရန်ကုန်မှာရှိတဲ့ ကိုဗစ်လူနာများ ကုသဖို့အတွက်ကို ကျနော်တို့ သွားရောက်ကူညီပြီးတော့ ဆောင်ရွက်ကြမှာဖြစ်ပါတယ်။ ” မြန်မာပြည်မှာ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဒုတိယလှိုင်းအများဆုံးဖြစ်ပွားနေတဲ့ ရန်ကုန်တိုင်းမှာ ကူညီပေးဖို့ ကျန်းမာရေးဌာနက တိုင်းနဲ့ပြည်နယ်အသီးသီးကို အကြောင်းကြား တဲ့အခါမှာ ပြည်နယ်တွင်းက စေတနာ့ဝန်ထမ်းတွေကို ခေါ်ယူခဲ့တာလို့ ပြောပါတယ်။ စေတနာ့ဝန်ထမ်းအနေနဲ့ ၇ ဦးသာ လျှောက်ခဲ့ပြီး ကျန် ၁၂ ဦးကိုတော့ မဲစနစ်နဲ့ရွေးချယ်စေလွှတ်ရတာဖြစ်ကြောင်းလည်း ဒေါက်တာဌေးလွင်က ပြောပါတယ်။ “သူတို့မသွားချင်လို့ မဟုတ်ဘူး။ သူတို့သွားရမှာကို ကြောက်တာပေါ့။ အခုက အထူးသဖြင့် လူနာ ၇၀၀ ကျော်ဖြစ်နေတဲ့ ဖောင်ကြီးဆေးရုံမှာ ကိုဗစ်ရောဂါသည်တွေ ရှိတဲ့အခါကျတော့ ကျန်းမာရေးထမ်းဆောင်တဲ့ သူတွေကတော့ ကျန်းမာရေးစစ်မြေပြင်မှာ ဒီပိုးမွှားတွေနဲ့ စစ်တိုက်ဖို့ အတွက်သွားတာ သူတို့လည်းပြောပါတယ်။ မတော်တဆရောဂါကူးနိုင်တယ်။ ကူးသော်ငြားလည်း လူငယ်လူရွယ်တွေမှာတော့ ကိုယ့်ဖာသာကိုယ် ပြန်ပြီးစနစ်တကျကုမယ်၊ အားရှိအောင်နေမယ်ဆိုရင် ကူးပေမယ့် ရောဂါဝေဒနာမပြင်းထန်ဘူးပေါ့ အဲလိုသူတို့ကိုအားပေးပြီး စေလွှတ်ရတာဖြစ်ပါတယ်။ တကယ့်တကယ်ပြောရရင်တော့ ၂၀ လုံးပြည့်အောင်သွားဖို့က သူတို့ကြောက်ကြတာပါပဲ။ ” ပြည်နယ်ကျန်းမာရေးဌာနအနေနဲ့ သူတို့အတွက် စိတ်ဓာတ်ခွန်အားတွေနဲ့ ငွေကြေး အထောက်အပံ့၊ စားစရာတချို့ကို ဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြပါတယ်။ ကိုယ်တိုင် စေတနာ့ဝန်ထမ်းအနေနဲ့သွားရောက်မယ့် သူနာပြုဆရာမကြီး ဒေါ်မေရီကတော့ တကယ့်လိုအပ်နေတဲ့နေရာမှာ လုပ်အားကို တိုင်းပြည်အတွက် လှူချင်လို့သွားရတာလို့ ပြောပါတယ်။ “အဲဒီမှာ တကယ်လိုအပ်နေပြီ၊ တကယ်လိုအပ်နေတယ်ဆိုတဲ့အခါကျတော့ ကျမတို့ရဲ့ လုပ်အားကို တိုင်းပြည်အတွက် လှူချင်တဲ့သဘောတခုထဲပါပဲ။ ကျန်တာဘာမှ ထူးထူးထွေ ခံစားချက်မရှိပါဘူး။ ” ဒါအပြင် ကျန်းမာရေးအင်အားသွားဖြည့်မယ့် သူနာပြုတွေအနေနဲ့ စိတ်ပြင်ဆင်ထားဖို့နဲ့ အဲဒီမှာ တလခွဲ၊  နှစ်လလောက် ကြာနိုင်တာမို့ ပြင်ဆင်ဖို့ ခွန်အားပေးထားတယ်လို့လည်း ပြောပါတယ်။ ကယားပြည်နယ်မှာရှိတဲ့ သူနာပြုတွေအနေနဲ့ ကိုဗစ်လူနာနဲ့ပတ်သက်ပြီး သင်တန်းတွေ ဆင်းရတာတွေရှိပေမယ့် တကယ့်ပိုးတွေ့လူနာနဲ့ မထိတွေ့ဖူးသေးတဲ့အတွက် ဒီတခေါက်မှာတော့ ပိုးတွေ့လူနာ ကိုယ်တိုင်ထိတွေ့ရမှာဖြစ်ပါတယ်။ အခုစေလွှတ်တဲ့ ၂၀ ဦးထဲမှာ လွိုင်ကော်ပြည်သူ့ဆေးရုံက ၁၀ ဦးနဲ့ကျန်တဲ့ ၁၀ ဦးကတော့ တခြားမြို့နယ် ၅ မြို့နယ်က ၂ ဦးစီ စေလွှတ်တာဖြစ်ပြီးသူတို့အတွက်ကျန်းမာရေးကို အားလုံးက ဝိုင်းဝန်းစောင့်ရှောက်သွားမယ်လို့  ဒေါက်တာဌေးလွင်က ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုအများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ ကျန်းမာရေး အင်အားဖြည့်ဖို့ တခြားတိုင်းနဲ့ပြည်နယ်အသီးသီးကလည်း ကျန်းမာရေးဝန်ထမ်းတွေ စေလွှတ်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024