Home
ဆောင်းပါး
Any Questions? ကချင်ပြည်နယ်အစီအစဉ် ( အပိုင်း ၄ နောက်ဆုံးပိုင်း)
DVB
·
September 14, 2020
၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေကို ပထမဆုံးအကြိမ်မဲပေးကြမယ့် First time voters လူငယ်တွေက သူတို့ သိလိုသမျှတွေကို မေးမြန်းပြီး ပါတီတာဝန်ရှိတဲ့သူတွေက ပြန်လည်ဖြေကြားပေးမယ့် Any Question? ရုပ်သံအစီအစဉ်ကို DVB TV ကနေ့ တင်ဆက်ပေးနေရာမှာ ဒီတစ်ပတ်တော့ ကချင်ပြည်နယ် အစီအစဉ် အပိုင်း ၄ နောက်ဆုံးပိုင်းကို တင်ဆက်ပေးမှာ  ဖြစ်ပါတယ်။ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကချင်ပြည်နယ်၊ ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) တို့ကို Any Questions? အစီအစဉ်မှာ  ဖြေကြားပေးဖို့ ဒီဗွီဘီက ဖိတ်ကြားခဲ့ပါတယ်။ ဖိတ်ကြားထားတဲ့ ပါတီတွေထဲက လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဒုဥက္ကဋ္ဌ  ဦးလီပေါရဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးသိန်းထွန်း၊  ကချင်ပြည်နယ်ပြည်သူ့ပါတီက လူငယ်ရေးရာ တာဝန်ခံ  ဦးနော်ခုန့်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကချင်ပြည်နယ်  အလုပ်အမှုဆောင်အဖွဲ့၊ ဘဏ္ဍာရေးမှူး  ဦးသန့်ဇော်လတ်က မေးခွန်းတွေကို ဖြေကြားပေးထားပါတယ်။   ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ၏ မိတ်ဆက်စကား  KNC အနေနဲ့ ကချင်ပြည်နယ်မှာ တခြားပါတီတွေနဲ့ မတူတဲ့ သီးခြားမူဝါဒ လမ်းစဉ်တွေရှိတယ်။ အဲဒါကို နည်းနည်း ပြောပြချင်ပါတယ်။ နံပါတ်တစ်အချက်ကတော့ ကျနော်တို့ရဲ့ အတွေးအခေါ်အယူအဆပေါ့နော်။ Political Ideology အဲဒါကတော့ ဘာလဲဆိုတဲ့အခါကျတော့ ကျနော်တို့ neoconservatism လို့ခေါ်တဲ့ ကချင်ပြည်နယ်နဲ့ ကချင်ပြည်နယ်သားတွေ၊ နောက် ကချင်လူမျိုးတွေရဲ့ မူလရှိရင်းစွဲတန်ဖိုးတွေကို ပြန်လည်မြှင့်တင်ပေးဖို့။ နောက် အဓိက ကျနော်တို့ ကြွေးကြော်တာက ဘာလဲဆိုတော့ နိုင်ငံရေးတန်းတူမှုပေါ့နော်။ အဲဒါက ပထမ ယူဆတယ်။ နိုင်ငံရေးတန်းတူမှုက ဘာပြန်လာအခြေခံလာလဲဆိုတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ ပေါ်လာမယ်။ နောက်တစ်ခါ ဖက်ဒရယ်ဒီမိုကရေစီဆိုတာ နောက်ကဆက်မယ်။ နောက်ဆုံးတစ်ချက်က အခြေခံအချက်ဖြစ်တဲ့ အမျိုးသားတန်းတူရေးဆိုတဲ့ Equality က ကျနော်တို့ ကြွေးကြော်သံဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ဟာ ဘာအယူအဆတွေနဲ့ လုပ်လဲဆိုတာကို ကချင်ပြည်နယ်သူ ပြည်နယ်သားတွေနဲ့ မြန်မာနိုင်ငံသားတွေကို ကျနော်တို့ အသိပေးချင်တယ်။ အဲဒါက ဘာလဲဆိုတော့ ကျနော်တို့က ကချင်ထက် ဖက်ဒရယ်ပြည်ထောင်စု ပထမမူကို ကျနော်တို့ ကျင့်သုံးမယ်။ အဲဒါက တခြားပါတီတွေနဲ့ ကွာပါတယ်။ နိုင်ငံရေးအရဆိုရင် ကျနော်တို့ ယှဉ်ပြိုင်တဲ့ မူဝါဒကို အဓိက ကျင့်သုံးတယ်။ ယှဉ်ပြိုင်ခြင်းဆိုတဲ့ဟာက ဘာလဲဆိုတော့ ကျနော်တို့က ကိုယ့်အင်အားကို ကိုယ်တည်ဆောက်ပြီးမှ ပြည်မနိုင်ငံရေး အင်အားစုတွေနဲ့ ကျနော်တို့ အပြန်အလှန်လေးစားမှုပေါ့နော်၊ အဲဒါနဲ့ ကျနော်တို့ သွားပါမယ်။ လူတစ်ဦးဆီမှာ ကျနော်တို့ ပူးပေါင်းခြင်း၊ လက်အောက်ခံခြင်းဆိုတဲ့ အယူအဆမရှိပါဘူး။ ကျနော်တို့က ပြည်နယ်လူမျိုးစုတွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ အင်အားကြီးအောင် စတင်တည်ဆောက်ပြီးတော့မှ ပြည်မနိုင်ငံရေးအင်အားစုတွေနဲ့ အတူယှဉ်တွဲ ဆောင်ရွက်ဖို့ဆိုတဲ့ဟာ ဖြစ်ပါတယ်။ စီးပွားရေးမှာလည်း ဒီလိုပါပဲ။ ကျနော်တို့က ကိုချိုင်းနားလို့ ခေါ်တဲ့ တရုတ်ကိုကြည့်တဲ့မူပေါ့နော်၊ အဲဒါတွေ မရှိပါဘူး။ တရုတ်နဲ့တော့ စီးပွားရေးလုပ်ငန်းတွေ လုပ်မယ်၊ ဒါပေမဲ့ တရုတ်သြဇာခံမဟုတ်ဘူး၊ တရုတ်လိုလားချက် မဟုတ်ဘူး။ တရုတ်က ကျနော်တို့မြန်မာနိုင်ငံကို လိုရမယ်၊ ဒီအယူအဆနဲ့ ကျနော်တို့က စီးပွားရေးမှာလည်း တရုတ်နဲ့ယှဉ်ပြိုင်တဲ့ပေါ်လစီပေါ့နော်၊ အဲဒါမျိုး ကျနော်တို့သွားပါမယ်။ အဲဒါကို ကျနော်တို့ အတည်ပြုချင်ပါတယ်။ ကျေးဇူးတင်ပါတယ် ဒါကတော့ ကြိုတင်ရယူထားတဲ့ ကချင်အမျိုးသားကွန်ဂရက်ပါတီရဲ့ ပါတီမိတ်ဆက်စကားပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ အွန်လိုင်းပေါ်မှာရှိနေတဲ့ လူငယ်တွေရဲ့ မေးခွန်းမေးမြန်းမှုအစီအစဉ်ကို စတင်မှာ ဖြစ်ပါတယ်။ ကချင်လူငယ်  Naw San- မေး။ ။ ကျနော်ကတော့ USDP ပေါ့နော်၊ ပြည်ခိုင်ဖြိုးပါတီကို မေးချင်ပါတယ်ခင်ဗျ။ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ ကချင်ပြည်နယ်မှာ အာဏာတစ်စုံတစ်ရာ ထပ်မံရရှိခဲ့သည်ရှိသော်၊ ၁၉၆၂ ခုနှစ် နောက်ပိုင်းက အစိုးရမင်းအဆက်ဆက်က အခုထိပေါ့နော်၊ လက်ရှိအစိုးရလက်ထက်အထိ အစိုးရအဆက်ဆက်က ဖျက်ဆီးခဲ့၊ သူတို့လက်ထက်မှာပျက်စီးခဲ့တဲ့ ဖားကန့်ဒေသပေါ့နော်၊ ပြီးရင် တနိုင်းဒေသ၊ မိုးညှင်းမြို့နယ်၊ မေခ-မေလိခမြစ်ကြောတလျှောက်၊ ဧရာဝတီမြစ်ကြောတလျှောက်က ရွှေတူးဖော်မှုတွေ၊ ကျောက်စိမ်းတူးဖော်မှုတွေကြောင့် ပျက်စီးသွားတဲ့ သဘာဝပတ်ဝန်းကျင်၊ နောက်ပြီးတော့ ဂေဟအဖွဲ့အစည်းတွေကို ဒီထက်ပိုပြီး ဆိုးဆိုးရွားရွား ပျက်သုဉ်းသွားတဲ့အထိ မဖြစ်အောင် ဘယ်လိုတွေများ ပြုပြင်ပြောင်းလဲရေး ဘယ်လိုတွေများ လုပ်ဆောင်သွားဖို့ ရှိသလဲဆိုတာလေးကို မေးချင်ပါတယ်ခင်ဗျ။ USDP -ဖြေ။ ။ ဒါကတော့ ကျနော်တို့ပါတီ အနိုင်ရရှိသွားမယ်ဆိုရင်တော့ ကျနော်တို့ ဂေဟစနစ်တွေကို ခိုင်မာသော ဥပဒေများ ရေးဆွဲပြီးတော့ နိုင်ငံတော်ဘတ်ဂျက်ကို ဦးစားပေးသုံးပြီးတော့ ဂေဟစနစ်တွေ မပျက်စီးမဆုံးရှုံးအောင် ဆောင်ရွက်သွားမယ်လို့ ဖြေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ မောင်ဆိုင်းနော်- မေး။ ။ ကျနော်ကတော့ KSPP နဲ့ အနိုင်ရပါတီ NLD ကို မေးချင်ပါတယ်။ KSPP နဲ့ NLD အနေနဲ့ ၂၀၂၀ မှာ အနိုင်ရမယ်ဆိုရင် နှစ် ၇၀ ကျော် ပြည်တွင်းစစ်ဖြစ်နေတဲ့ဒေသတွေကို နောက်အစိုးရသက်တမ်း ၅ နှစ်အတွင်း ဘယ်လို လုပ်ဆောင်သွားဖို့ရှိသလဲ သိချင်ပါတယ်။ နောက်တဆက်တည်းမှာပဲ ကျနော်တို့ စစ်ရှောင်စခန်းက ဆိုတော့ စစ်ရှောင်စခန်းမှာရှိတဲ့ မိဘနဲ့ လူငယ်တွေ ဘာကြောင့် မဲပေးရမလဲဆိုတာကို သိချင်ပါတယ်ခင်ဗျ။ NLD-ဖြေ။ ။ ဟုတ်ကဲ့ပါ။ ကျနော်တို့လည်း ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်နေပါတယ်လို့။ အခု လမ်းကြောင်းဖြစ်နေတဲ့ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံကြီးကနေတစ်ဆင့် ငြိမ်းချမ်းရေးရသွားအောင် ဆောင်ရွက်မှာပါ။ အခုလောလောဆယ်ပေါ့နော်၊ စစ်ရှောင်စခန်းတွေမှာ ရောက်နေတဲ့ တိုင်းရင်းသားပြည်သူတွေ အားလုံးကိုလည်း တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားပါမယ်လို့ ဖြေကြားလိုပါတယ်ခင်ဗျာ။ KSPP -ဖြေ။ ။ ငြိမ်းချမ်းရေးရဖို့အတွက် ဆိုရင် နံပါတ် (၁) က ပြည်နယ်တိုင်းရင်းသားပါတီများဟာ လွှတ်တော်ကို အကုန်လုံး ရောက်ရှိနေရမယ်။ ပြည်နယ်တိုင်းရင်းသားပါတီများရဲ့ ပါဝင်မှု အများကြီးမြှင့်တင်ဖို့အတွက် လူထုကလည်း လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ဒီအခါကျရင် ကျနော်တို့က ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့ နေရာမှာ လွှတ်တော်ထဲမှာ ကျနော်တို့အသံ ကျယ်ကျယ်လောင်လောင် ထွက်နိုင်မယ်။ လက်ရှိမှာတော့ လွှတ်တော်ထဲမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ တစ်ခုမှ ပြောလို့မရတဲ့ အခြေအနေဖြစ်နေပြီ။ ဆိုတော့၊ ဒီအခြေအနေကို ကျော်လွှားဖို့အတွက်က ကျနော်တို့ ပြည်နယ်တိုင်းရင်းသားများဟာ လွှတ်တော်ထဲမှာ များများရောက်ရမယ်၊ ပြည်နယ်တိုင်းရင်းသားများ အနေနဲ့ လွှတ်တော်နိုင်ငံရေးကို အယုံအကြည်ရှိရမယ်။ ဒီဟာမှသာလျှင် နောက်ထပ်အဝန်းအဝိုင်းကနေ၊ လွှတ်တော်ပြင်ပကနေသွားနေတဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုတွေက ထမြောက်နိုင်မှာဖြစ်တယ်။ မိုင်းရာ- မေး။ ။ ဟုတ်ကဲ့ပါ။ ကျမမေးချင်တာကတော့ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီပေါ့နော်။ ဆရာ မင်္ဂလာပါ။ ကျမမေးချင်တဲ့မေးခွန်းက အခု ဆရာတို့ ပါတီရဲ့ မူဝါဒလမ်းစဉ်တွေ ဖြစ်ပေါ်သွားဖို့ ဘယ်လောက်ထိ သုတေသန လုပ်ထားလဲပေါ့။ နောက်တစ်ခုက အဲဒီမူဝါဒလမ်းစဉ်တွေ အကောင်အထည် ပေါ်လာဖို့အတွက် ဘယ်လောက်ထိအာမခံချက် ပေးနိုင်လဲပေါ့။ ရာခိုင်နှုန်းအရဆိုရင် ဘယ်လောက်ထိများ အာမခံချက်ပေးနိုင်မလဲပေါ့။ ကျေးဇူးပါ။ လီဆူပါတီ-ဖြေ။ ။ ဟုတ်ကဲ့ပါ။ ကျနော်တို့ အစကပြန်ပြောရမယ်ဆိုရင် ကျနော်တို့ပါတီက ၂၀၁၃ မှာ ပါတီထူထောင်ခွင့်တင်ပါတယ်။ ၂၀၁၄၊ ဇန်နဝါရီလ ၁၇ မှာ ကျနော်တို့တရားဝင် ခွင့်ပြုပေးတာ ရှိပါတယ်။ အဲဒီတော့ ဒီကြားထဲမှာ ကျနော်တို့ရဲ့ မူဝါဒကတော့ ကျနော်တို့ သေသေချာချာ သုတေသနပြုပြီးတော့မှ လုပ်ထားတာ နည်းနည်း အားနည်းချက်လေးတွေရှိတယ်။ ဒါပေမဲ့ ကျနော်တို့ ဒီနောက်ပိုင်းမှာ ၃ နှစ်လောက်၊ ၄ နှစ်လောက် မူဝါဒပိုင်းနဲ့ ပတ်သက်ပြီး သုတေသနလုပ်တယ်။ တကယ်တမ်းလည်း မြေပြင်မှာ ဖြစ်နိုင်၏ မဖြစ်နိုင်၏ ပေါ့နော်၊ ဒါကိုလည်း သုံးသပ်ပြီးမှ ကျနော်တို့ ၂၀၁၉ မှာ မူဝါဒကို အသစ်ပြန်လည် ဖြည့်စွက်မွမ်းမံချက်တွေ ထည့်ပြီးမှ အတည်ပြုထားတာ ရှိပါတယ်။ အဲဒါလည်း ကျနော်တို့တွေ သုံးနေပါတယ်။ အဲဒီတော့ ကျနော်တို့မူဝါဒနဲ့ ပတ်သက်ပြီးတော့ တကယ်တမ်းမူဝါဒဆိုတာ စာရွက်ပေါ်မှာပဲ ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့က စာရွက်ပေါ်မှာ ရှိတဲ့ဟာထက်၊ ကျနော်တို့ လုပ်ဆောင်မှုက ကျနော်တို့ပိုပြီးတော့မှ ဆောင်ရွက်ပါတယ်။ ဒီအတွက် ကျနော်တို့ မျှော်မှန်းသမျှထက်တောင် ကျနော်တို့ ပိုလုပ်နိုင်ပါတယ်နော်။ ရာခိုင်နှုန်းအားဖြင့် ကျနော်တို့ ပြောရမယ်ဆိုရင် ကျနော်တို့ ချမှတ်ထားတဲ့မူဝါဒထက်၊ အဲဒီမူဝါဒရဲ့ ၅၀ ရာခိုင်နှုန်းကျော် ကျနော်တို့ ဆောင်လည်းဆောင်ရွက်နိုင်ပါတယ်၊ ဆောင်လည်းဆောင်ရွက်ခဲ့ပါတယ်။ အခုလိုမျိုးဖြေကြားပေးသွားတဲ့ နိုင်ငံရေးပါတီက တာဝန်ရှိတဲ့သူ အသီးသီးကော၊ မေးမြန်းပေးသွားသူတွေ အားလုံးကိုပါ ကျေးဇူးအများကြီး တင်ပါတယ်။ ကချင်ဒေသခံ လူငယ်များ၏ ရင်ဖွင့်စကားသံ  “ကျမတို့ စစ်ရှောင်မှာနေတယ်။ ဒါပေမဲ့ အိမ်ကိုတော့ ပြန်လို့မရဘူး။ အိမ်မပြန်ရဘူးဆိုတာက အဓိက ပြဿနာဖြစ်နေတာက ကျမတို့နေတဲ့ရွာဘက်မှာ တစ်ရှူးငှက်ပျောပင် အများကြီး စိုက်နေတာ တွေ့တာပေါ့နော်။ အိမ်ကိုတော့ မပြန်နိုင်ဘူး၊ တခြား နိုင်ငံခြားသား၊ တခြားသူတွေက ဝင်လာပြီးတော့ ကိုယ့်ရဲ့ဒေသမှာ တစ်ရှူးငှက်ပျောပင် စိုက်တာဆိုတော့ ကျမအနေနဲ့ နည်းနည်း နားလည်ထားတာက ဆေးနည်းနည်းပြင်းတာတွေ သုံးတယ်ဆိုတော့ ပတ်ဝန်းကျင်အတွက် ထိခိုက်တာတွေ ရှိတာပေါ့နော်။ အဲဒီလိုဆိုရင် တစ်ရှူးငှက်ပျောပင်ကို အဓိကထားပြီးတော့ ဖြေရှင်းပေးစေချင်ပါတယ်။”   “ကိုယ်ကိုယ်တိုင်လည်း LGBT တစ်ယောက် ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ အားလုံးကို အဆင်ပြေစေချင်တယ်။ အားလုံးကိုလည်း အောင်မြင်စေချင်တယ်။ တောင်းဆိုတဲ့အရာတွေ အားလုံးကိုလည်း အထက်ကလူကြီးတွေ လက်ခံနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အဓိကကတော့ တစ်ယောက်တည်း ကြိုးစားလို့မရဘူး၊ တနိုင်ငံလုံးမှာရှိတဲ့ LGBT တွေအနေနဲ့ ပါဝင်ပြီးတော့ စည်းစည်းလုံးလုံးနဲ့ ကြိုးစားမှသာ အောင်မြင်မှာပါ။” “ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီက ကျမတို့ရဲ့ အသံကို နားထောင်သင့်တယ်ပေါ့။ ပြီးရင်လည်း ဘာလိုအပ်နေလဲ ဆိုတာကို ကွင်းဆင်းပြီးတော့ သေသေချာချာ စစ်တမ်းတွေ ကောက်ယူပြီးတော့ ကောင်းကောင်း လုပ်သင့်တယ်ပေါ့နော်။ မဟုတ်လို့ရှိရင်၊ လူမှန်နေရာမှန် မဖြစ်ရင်လည်း အဆင်မပြေဘူးပေါ့နော်။ အဲဒါကြောင့်မို့လို့ အဓိက ပါတီက စည်းကမ်းလိုက်နာပြီးတော့ လူငယ်လည်းဖြစ်ရမယ်၊ တကယ်လည်း အတွေ့အကြုံလည်းရှိတဲ့သူတွေ အများဆုံးပေါ့နော်၊ ကောင်းကောင်းစဉ်းစားပြီးတော့ ရွေးကောက်ပွဲ ဝင်ခိုင်းစေချင်တယ်။”   “ကျနော်တို့ မြန်မာနိုင်ငံမှာ ရှိကြတဲ့ ကျနော့်လိုပဲ ပထမဦးဆုံးအကြိမ် မဲပေးကြမယ့် လူငယ်တွေလည်း ကျနော်တို့ အမိမြန်မာနိုင်ငံတော်ကို ချစ်သောအားဖြင့် တဘက်တလမ်းက ကူညီသောအားဖြင့် အခု ၂၀၂၀ ရွေးကောက်ပွဲမှာ မလွတ်ဘဲနဲ့ ကျနော်တို့ မဲပေးကြပါလို့ ပြောချင်ပါတယ်ဗျ။” ဒါကတွေကတော့  ကချင်ပြည်နယ်က First time votes တွေရဲ့ ပြောစကားတွေကို စုစည်းပြီးတော့ တင်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ အခုဆက်ပြီးတော့ စာနဲ့ပေးပို့ပြီးတော့ မေးထားတဲ့မေးခွန်းတွေကို မေးမြန်းပေးသွားမှာ ဖြစ်ပါတယ်။   မိုးကောင်းက ကိုသျိုင်းဇာနည်ကျော်- မေး။ ။ ကချင်ပြည်နယ်အတွင်းမှာ ရှိတဲ့ သတ္ထုနဲ့ ကျောက်မျက်တူးဖော်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို ဖြေရှင်းပေးဖို့ ပြင်ဆင်ထားမှုတွေကို သိချင်ပါတယ်။ ပြီးတော့ တစ်ရှူးငှက်ပျော စီးပွားဖြစ် စိုက်ပျိုးမှုတွေကြောင့် ကျန်းမာရေး၊ မြေယာ၊ အသက်မွေးဝမ်းကျောင်း ထိခိုက်မှု၊ မလုံခြုံမှုတွေကိုလည်း ဖြေရှင်းပေးဖို့ အစီအစဉ်ကိုလည်း သိချင်ပါတယ်။ KSPP-ဖြေ။ ။ ဟုတ်ကဲ့။ ကိုသျိုင်းဇာနည်ကျော် မင်္ဂလာပါ။ ကျောက်မျက်၊ သဘာဝသယံဇာတ၊ သတ္ထုတွေ တူးဖော်တဲ့အတွက်ကြောင့်မို့ ကျနော်တို့ဆီမှာ နယ်မြေအများကြီး ပျက်စီးသွားတာတွေ ရှိတယ်။ ဆိုတော့ ဒီအပိုင်းမှာ ဘာတွေ အရေးကြီးလဲဆိုတော့ စနစ်တကျတူးဖော်မှုဆိုတဲ့ အရာတွေ အရေးကြီးလာပါတယ်။ ပြီးရင် အများကြီးတူးလိုက်ပြီးမှ နည်းနည်းပဲ ထွက်နေတာလည်း အများကြီးဖြစ်နေတာ ကျနော်တို့တွေ တွေ့လာရတယ်။ တူးဖော်လိုက်တာက မြေပြင်ပမာဏ အကြီးကြီးပဲ၊ ဒါပေမယ့် ရရှိလိုက်တဲ့ အကျိုးအမြတ်က နည်းနည်းလေးပဲ ဖြစ်နေတယ်ဆိုတော့ ကျနော်တို့ ပြောမယ်ဆိုရင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကို ကျနော်တို့တွေက အများကြီးအကာအကွယ် ပေးနိုင်ပါမယ်။ ဒါကတော့ ကျောက်မျက်သယံဇာတ တူးဖော်မှုတွေနဲ့ ပတ်သက်ပြီး ပျက်စီးသွားတဲ့ဟာတွေ ထိန်းသိမ်းဖို့အတွက် ကျနော်တို့ ပြင်ဆင်ထားတဲ့အရာတွေ။ ဒါကြောင့် တစ်ရှူးငှက်ပျောစိုက်ပျိုးတဲ့အတွက် လူမှုပတ်ဝန်းကျင်တွေ၊ ပြည်သူတွေ နစ်နာဆုံးရှုံးမှုတွေ၊ ဒီအပိုင်းတွေကို ကျနော်တို့ အဓိကအားဖြင့် သုတေသနစစ်တမ်းများအရ တချို့တွေက လယ်မြေတွေကို၊ ကိုယ့်ဟာမဟုတ်တဲ့ဟာကို လက်ညှိုးထိုးပြီးတော့မှ ငှားစားလိုက်တယ်ဆိုတာကို အများကြီး ကျနော်တို့တွေ တွေ့ရတယ်။ ကျနော်တို့က ဒီတစ်ရှူးနဲ့ ပတ်သက်ပြီးမှ ဒီဟာကို ဆောင်ရွက်တဲ့နေရာမှာပေါ့နော်။ တကယ်ပဲ ပြည်သူပြည်သားတွေရဲ့ လက်တွေ့ခံစားနေရတဲ့ တစ်ခုချင်းစီအပေါ်မှာ သေသေချာချာ သုတေသန လုပ်ပြီးမှ ရရှိလာတဲ့ဒေတာ အချက်အလက်အပေါ်မှာ ပေါင်းစပ်ညှိနှိုင်းပြီးမှ လုပ်ဆောင်သွားဖို့ မူဝါဒတွေ ရှိပါတယ်။ မြစ်ကြီးနား မော်ဖောင်းရွာက မောင်စံသို့စ်- မေး။ ။ ကချင်ပြည်နယ်အတွင်းက ပြည်တွင်းစစ်တွေကြောင့် ပြည်သူတွေ ထိခိုက်ရုံတင်မကဘူး၊ လူတွေပါ လွတ်လပ်စွာ သွားလာနိုင်တာမျိုးမရှိတဲ့အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကိုပါ နှောင့်နှေးစေပါတယ်။ အဲဒီတော့ ဒီကိစ္စတွေအတွက် ဘယ်လိုနည်းလမ်းမျိုးတွေကို ဖြေရှင်းပေးမယ် ဆိုတာကို သိချင်ပါတယ်။ NLD- ဖြေ။ ။ အဓိကကတော့ ငြိမ်းချမ်းရေးရဖို့ပဲ အဓိကပေါ့ဗျာ။ ငြိမ်းချမ်းရေးရရင်လည်း ကျန်တဲ့ပြဿနာတွေ ဖြေရှင်းပြီး ဖြစ်ပါလိမ့်မယ်။ ဗန်းမော်က မောင်ရိုစန်- မေး။ ။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ တရားဥပဒေစိုးမိုးမှု အားနည်းတယ်လို့ ပြောလို့ရပါတယ်။ ဆိုင်ဖောက် လုယက်တာတွေ များလာတယ်။ အဲဒီအတွက်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီအနေနဲ့ ဘယ်လိုတွေလုပ်ဖို့ အစီအစဉ်တွေ ရှိပါသလဲ။ USDP- ဖြေ။ ကျနော်တို့က အခုအချိန်မှာတော့ အာဏာရပါတီ မဟုတ်တဲ့အတွက်ကြောင့် ဦးဆောင်ပြီး လုပ်ပေးဖို့ဆိုတာတော့ ဒါ လောလောဆယ် မဖြစ်နိုင်ဘူးပေါ့။ အဲဒီတော့ အကယ်၍သာ ကျနော်တို့ပါတီ နိုင်ခဲ့မယ်ဆိုရင်တော့ ကျနော်တို့ လုံခြုံရေးပိုင်းပေါ့၊ လုံခြုံရေးပိုင်းဆိုတဲ့နေရာမှာလည်း တကယ်တမ်းကျတော့ အခုကျနော်တို့ ဒီတလျှောက်လုံး ဆွေးနွေးလာခဲ့တဲ့ ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစည်းအောက်မှာပဲ အကျုံးဝင်တာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ပါတီ နိုင်ခဲ့ရင် ပထမဦးဆုံး ငြိမ်းချမ်းရေးကို ရအောင် ဆက်လက်ဆောင်ရွက်ပြီးတော့ လုံခြုံရေးပိုင်းကို ဒီထက်ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမယ်လို့ ကျနော့်အနေနဲ့ ဖြေကြားချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ကချင်ပြည်နယ်က First time voters တွေရဲ့ ရင်ဖွင့်စကားသံ “တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်အောင်  ကိုယ်ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေ၊ ကိုယ့်ဒေသမှာ တာဝန်ထမ်းဆောင်မယ့် ကိုယ်စားလှယ်တွေ အမြန်ဆုံး ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင်၊ ငြိမ်းချမ်းရအောင် လုပ်ဖို့ ပြောချင်ပါတယ်။” “ဒီ ကချင်ပြည်နယ်မှာရှိတဲ့ လူငယ်တွေကိုပေါ့နော်၊ အခုမှ မဲပေးမယ်ဆိုတော့ သူတို့လည်း ဇဝေဇဝါ ဖြစ်နေမှာပေါ့နော်။ လူကြီးတွေက အရင်ကတော့ ဒီဟာတွေကိုပေးတယ်၊ သူတို့ပေးတဲ့အခါမှာ ဘယ်လိုမျိုး အချက်အလက်တွေကို ကြည့်ပြီးမှ ပေးတယ်ဆိုတာကိုလည်း ပြောတော့ပြောပြနိုင်မယ်။ ဒါပေမယ့် အခုမှ မဲပေးမယ့်လူငယ်တွေကျတော့ သိတော့သိတယ်၊ ဒါပေမယ့် လက်တွေ့မှာ တစ်ခါမှ မပေးဖူးတဲ့အတွက် သူတို့လည်း တော်တော်လေး အခက်အခဲရှိနိုင်ပါတယ်။ ဒါပေမယ့် တကယ်တမ်းပဲကိုယ်က သေသေချာချာပေါ့နော်၊ ကိုယ့်ပြည်နယ်မှာ တကယ်ပြောင်းလဲပေးနိုင်မယ့် ကိုယ်စားလှယ်တွေကို ယုံကြည်မှုရှိရှိနဲ့ မဲပေးကြဖို့ပဲ ပြောချင်ပါတယ်။” “အဓိကကတော့ လူကိုကောကြည့်ပြီး မဲပေးကြပါ။ မဲပေးကြမယ်ဆိုရင် လူကိုကောကြည့်ပါ။ ပါတီကိုက လက်ကိုင်ထားတဲ့ မူဝါဒတွေကိုကော ကြည့်ပြီးတော့ မဲပေးစေချင်ပါတယ်။ လက်ကိုင်ထားတဲ့ မူဝါဒတွေက အာဏာရှင်ဘက်ကို ပြန်ပြီးတော့ ယိမ်းနေမယ်ဆိုရင်တော့ သတိထားပေးကြပါဦးလို့။” “လွှတ်တော်အမတ်တွေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လေ့လာစရာတွေ ရှိသေးတယ်။ အခု မဲထည့်ရမယ်ဆိုရင်လည်း ကောင်းကောင်းစဉ်းစားပြီးမှ ထည့်မှာပါလို့။ ကိုယ်ပြည်နယ်အတွက်လည်း အကျိုးပြုစေမယ့် လွှတ်တော်ကိုယ်စားလှယ်၊ ပြီးတော့ ကိုယ့်လူမျိုး ကိုယ့်တိုင်းရင်းသားကို အလေးထားတဲ့၊ ပြီးတော့ လူငယ်တွေကို ပိုပြီးတော့မှ ပညာရေးပဲဖြစ်ဖြစ် ထောက်ပံ့ပေးနိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်ကို ရွေးချယ်ပြီးမှ ထည့်မှာပါလို့။” “ရွေးကောက်ပွဲဝင်ကြမယ့် ပါတီတွေအနေနဲ့ ကိုယ်တကယ်လုပ်နိုင်မယ့် အရာကိုပဲ ပြောပြီးတော့ မဲဆွယ်ပေးပါလို့ ကျနော်အဲဒါကိုပဲ ပြောချင်ပါတယ်ခင်ဗျ။” ဒါကတော့ ကျမတို့အဖွဲ့သားတွေ ကြိုတင်ရယူထားတဲ့ ကချင်ပြည်နယ်က First time voters တွေရဲ့ ရင်ဖွင့်စကားသံတွေပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ပါဝင်မေးမြန်းချင်တဲ့ လူငယ်တွေကို ကြိုတင်ရယူထားတဲ့ ဗီဒီယိုဖိုင်တွေလည်း ရှိပါသေးတယ်။  အောင်သန်းမေ- မေး။ ။  ကျမ ၂၄ နှစ် ရှိပါပြီ။ ပထမဆုံး မဲပေးမယ့်သူ တစ်ယောက် ဖြစ်ပါတယ်။ ကျမအနေနဲ့ မေးခွန်းမေးခွင့်ရမယ်ဆိုရင် ဒူးလေးပါတီကို မေးချင်ပါတယ်။ တကယ်လို့ ဒီ ဒူးလေးပါတီ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ကျမအနေနဲ့ မေးချင်တာကတော့ ဒီ ကချင်ပြည်နယ်မှာ ရှိတဲ့ လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းကို ဘယ်လိုမျိုးစီမံကိန်းတွေ ရှိထားလဲ၊ အဲဒါလေးကို သိချင်ပါတယ်ရှင့်။ လီဆူပါတီ- ဖြေ။ ။ လူငယ်မူဝါဒမှာလည်း ကျနော်တို့ ရေးဆွဲထားတာ ရှိပါတယ်။ လူငယ်နဲ့ပတ်သက်ပြီးမှ ဒီလူငယ်တွေက အနာဂတ်ခေါင်းဆောင်တွေ ဖြစ်တဲ့အတွက် သူတို့ရဲ့ အကျင့်စာရိတ္တကော၊ သူတို့ရဲ့ လုပ်ရည်ကိုင်ရည်ကော၊ နောက်ပြီးတော့ သူတို့ရဲ့ အနာဂတ်အတွက် သူတို့ ကြိုတင်ပေးဆပ်နိုင်တဲ့ အတွေးအခေါ်ရှိတဲ့ အဓိကအပိုင်းကို ကျနော်တို့ ဦးစားပေးပါတယ်။ ဒါပေမယ့် သူတို့ရဲ့ လုပ်ကိုင်ရည်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကချင်ပြည်နယ်မှာ ကျနော်တို့ပါတီအနေနဲ့ သူတို့တွေကို ပြည်ပ နိုင်ငံခြား ထွက်ပြီးမှသွားတဲ့ နည်းမဟုတ်ဘဲနဲ့ ကိုယ့်ကချင်ပြည်နယ်မှာပဲနေပြီးမှ ဒီပြည်နယ်အတွင်းမှာပဲ ပုံမှန် သူတို့ ဝင်ငွေရလမ်းတွေကို လုပ်နိုင်ဖို့အတွက် ဒါတွေကိုလည်း ကျနော်တို့ တိုက်တွန်းနေတာ ရှိပါတယ်။ နောက် နည်းလမ်းပြနေတာလည်း ရှိပါတယ်။ အဓိက ကတော့ ကျနော်တို့ကချင်ပြည်နယ်က လူငယ်တွေက သယံဇာတကို အားကိုးတာများတယ်။ အဲဒီတော့ ဒီသယံဇာတကို ကျနော်တို့ အားကိုးလိုက်ခြင်းအားဖြင့် ဘာဖြစ်လဲဆိုတော့ လူငယ်က ၅၀ ရာခိုင်နှုန်း၊ ၆၀ ရာခိုင်နှုန်းလောက်က သူတို့ဘဝ ပျက်စီးသွားတာ အများကြီးရှိတယ်။ သဘာဝသယံဇာတ ထွက်တဲ့ဒေသမှာ လွတ်လပ်တဲ့ဒေသ၊ နောက်ပြီး နိုင်ငံတော်အစိုးရက အုပ်ချုပ်မှု အလှမ်းဝေးတဲ့ဒေသ ဖြစ်တဲ့အတွက် အဲဒီမှာ သူတို့ မူးယစ်ဆေးဝါးတို့၊ ကျန်တဲ့ လူမှုရေးဖောက်ပြန်တာတို့ အမျိုးမျိုး ကြုံတွေ့နေရတာပေါ့နော်။ ကြုံတွေ့နေရတဲ့အတွက် ကျနော်တို့ပါတီအနေနဲ့ လူငယ်တွေကို ဒီသယံဇာတနဲ့ ပတ်သက်ပြီးမှ တူးဖော်တာတို့၊ ဒီသယံဇာတကို မှီခိုအားကိုးပြီးမှ အသက်မွေးဝမ်းကျောင်း ပြုတာတို့ကို ကျနော်တို့ သိပ်အားမပေးပါဘူး။ သူတို့ရဲ့ အသိပညာ၊ အတတ်ပညာပေါ့၊ သူတို့ အသက်မွေးဝမ်းကျောင်း ပညာတွေကို သင်ပြီးမှ သူတို့ရဲ့ ဘဝတလျှောက်လုံး၊ သူတို့ရဲ့ စားဝတ်နေရေးပေါ့နော်၊ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ကျနော်တို့ အဓိက ဇောင်းပေးပြီးမှ သူတို့ကို တိုက်တွန်းတာရှိတယ်။ တကယ်တမ်းလည်း နည်းလမ်းပြတာရှိတယ်၊ ဆွဲခေါ်တာရှိတယ်ပေါ့နော်၊ ကျနော်တို့ပါတီက။   Ka Rom Naw Oune မေး- ။ ကျနော် အသက်ကတော့ ၂၂ ထဲ ရှိပါပြီ။ ၂၀၂၀ ရွေးကောက်ပွဲမှာ First time voter အနေနဲ့ မဲပေးခွင့်ရတဲ့ လူငယ်တစ်ယောက် ဖြစ်ပါတယ်။ ဆိုတော့ ကျနော် ဒီကချင်ပြည်နယ် အတွင်းမှာရှိတဲ့ KSPP ပါတီကို ကျနော်မေးခွန်းတစ်ခု မေးချင်ပါတယ်။ လက်ရှိ KSPP ပါတီထဲမှာ လူငယ်အင်အား အများကြီးရှိနေတာ တွေ့ရတယ်။ မိမိရဲ့ စိတ်အားထက်သန်မှုကြောင့် ဖြစ်စေ၊ တွန်းအားတစ်ခုခုကြောင့် ဖြစ်စေ လူငယ်တွေ အများကြီး ဒီ KSPP ပါတီထဲဝင်ထားတာ တွေ့ရှိရတယ်။ ဆိုတော့၊ ဒီလူငယ်တွေရဲ့ ရှေ့လျှောက်အနာဂတ်ထဲမှာ သူတို့ရဲ့ ပညာရေး၊ သူတို့ရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေမှာ ကျနော်က မေးခွန်းမေးချင်တာပေါ့။ တချို့ အလုပ်အကိုင်အခွင့်အလမ်း၊ တချို့ ပညာရေးနယ်ပယ်တွေမှာ ကျတော့ ပါတီရဲ့ အရိပ်အာဝါသ ကင်းလွတ်ရမယ်၊ ဘယ်ပါတီရဲ့ ပါတီဝင် မဟုတ်ရဘူးဆိုတဲ့ ကန့်သတ်ချက်တွေ ရှိနေတယ်။ ဆိုတော့၊ ဒီလိုအချိန်မှာ KSPP ပါတီတွင်းမှာ ရှိနေတဲ့ လူငယ်ထုကြီးရဲ့ ရှေ့ဆက်မယ့် သူတို့ရဲ့ ပညာရေး၊ သူတို့ရဲ့ အလုပ်အကိုင် အခန်းကဏ္ဍတွေမှာ KSPP ပါတီအနေနဲ့ ဘယ်လို မူဝါဒကောင်းတွေ ချမှတ်ထားလဲဆိုတာ ကျနော်သိချင်ပါတယ်။ KSPP- ဖြေ။ ။ ကျနော်တို့ KSPP ကချင်ပြည်နယ် ပြည်သူ့ပါတီမှာ လူငယ်တွေအရမ်းများပါတယ်။ လူငယ်ထုက။ အဲဒီလူငယ်ထုက တအားများတာ ဖြစ်တဲ့အတွက်ကြောင့် ဒီလူငယ်တွေ ဒီတိုင်းပဲဝင်လာပြီး ပါတီဝင်အဖြစ်ပဲ နေနေတာမျိုး မဖြစ်ရလေအောင် ဒါကို အရမ်းဂရုစိုက်ပါတယ်။ ဆိုတော့၊ လူငယ့်ရေးရာဌာနမှာ ကျနော်တို့ ဌာန လေးခုရှိတဲ့အထဲက တစ်ခုအကြောင်းကို ကျနော်ပြောပြချင်ပါတယ်။ ဒါက HR လို့ခေါ်တဲ့ လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဌာနပေါ့။ ဒီဌာနက အဓိကလူငယ်တွေကို ခုနက Ka Rom Naw Oune မေးသွားတဲ့ မေးခွန်းအတိုင်းပဲ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးဖို့ ဖြစ်ပါတယ်။ သိပ်မကြာခင်မှာ ကျနော်တို့ အလုပ်အကိုင်အခွင့်အလမ်းစင်တာတွေ ရှိလာမယ်၊ အလုပ်အကိုင်အခွင့်အလမ်းတွေကို ရှာဖွေပေးတဲ့ဟာတွေ၊ ပြီးရင် အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် အဆင်သင့်ဖြစ်လာအောင်၊ ဖြစ်နေအောင် သူတို့ကို ထရိန်းပေးတဲ့ ပရော်ဖက်ရှင်နယ်သင်တန်းတွေ များများ ကျနော်တို့ ဆီမှာ ရှိလာမှာဖြစ်တယ်။ နိုင်ငံရေးဘက်မှာဆိုရင်လည်း ကျနော်တို့က ပညာတော်သင်တွေ လွှတ်နိုင်အောင်ဆိုတဲ့ ရည်မှန်းချက်တွေနဲ့ HR လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဌာနကို ထည့်သွင်းထားရခြင်း ဖြစ်ပါတယ်။ အဲဒါက လူငယ်တွေအတွက် ကျနော်တို့တွေ ပြင်ဆင်ထားမှု၊ ပြင်ဆင်နေမှု ဖြစ်ပါတယ်။ ပြီးရင် လူငယ်တွေက ခုနက Ka Rom Naw Oune ပြောသလိုမျိုး မှန်ပါတယ်။ တချို့ကျတော့ NGO တွေ၊ တခြား အစိုးရ အလုပ်ဌာနတွေမှာ ဝင်ရမယ့်အချိန်မှာ နိုင်ငံရေးပါတီဝင်မဖြစ်ရဆိုတဲ့ ကန့်သတ်မှုတွေ ရှိပါတယ်။ အဲဒီအချိန်မှာ လူငယ်တွေကို ကျနော်တို့အမြဲတမ်း ပြောတာ ရှိပါတယ်။ ဒါက ပါတီဝင်အဖြစ်ကနေ နုတ်ထွက်တာမဟုတ်ဘဲ၊ ရပ်နားထားလို့ ရပါတယ်။ သူက ပါတီဝင်ကနေ ရပ်နားခွင့်ပြုတယ်ဆိုရင် ပါတီဝင်အဖြစ်ကနေ ရပ်နားထားမှာ ဖြစ်ပါတယ်။ အကယ်၍များ သူက သူ့ရဲ့ လုပ်ငန်းတာဝန်များကို အလုပ်လုပ်တဲ့ အဖွဲ့အစည်းတခုခုမှာပဲ ဖြစ်ဖြစ်၊ အစိုးရဌာနမှာပဲဖြစ်ဖြစ် လုပ်ပြီးမှ၊ အဲဒီကနေ ထွက်ပြီးမှ ပါတီထဲမှာ ပြန်ဝင်မယ်ဆိုရင် မူလသူ့ရဲ့ ပါတီဝင်နံပါတ်ကို ကျနော်တို့က ပြန်လည်ပြီးပေးမယ်ဆိုတာမျိုးလေးတွေလည်း ရှိပါတယ်။ အဲဒီတော့ လူငယ်တိုင်းက ပါတီထဲမှာဝင်တယ်၊ အကယ်၍များ အလုပ်လုပ်စရာလိုလို့ရှိရင် CSO တွေ၊ NGO တွေ၊ တခြား အစိုးရဌာနဆိုက်တွေ၊ နိုင်ငံရေးပါတီနဲ့ ဆက်နွှယ်ပတ်သက်တာမျိုး မရှိရဆိုတဲ့ ကန့်သတ်ချက်တွေထားတဲ့ ကုမ္ပဏီတခုခုမှာတွေ အလုပ်ဝင်မယ်ဆိုရင် ဒီလိုမျိုးလုပ်ပြီးမှ ဖြေရှင်းနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ဗီဒီယိုကနေတစ်ဆင့် မေးမြန်းပေးသူတွေနဲ့ ပြန်လည်ဖြေကြားပေးတဲ့ နိုင်ငံရေးပါတီအသီးသီးက တာဝန်ရှိတဲ့သူတွေကိုရော ကျေးဇူးအများကြီးတင်ပါတယ်။ Any Questions? အစီအစဉ် ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးတဲ့သူတွေ အားလုံးနဲ့အတူ ကြည့်ရှုအားပေးနေတဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ ပရိသတ်တွေ အားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ဒီအစီအစဉ်ကို အပိုင်းလေးပိုင်းခွဲပြီးတော့ သောကြာနဲ့ အင်္ဂါနေ့တွေမှာ DVB TV ကနေ အပတ်စဉ် ထုတ်လွှင့်ပေးသွားဦးမှာ ဖြစ်ပါတယ်။   တင်ဆက်- နေရီရီ- နွယ်နီတင်မောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024