Home
ဆောင်းပါး
စာရေးဆရာကြီး တိုက်စိုး ရာပြည့်
မောင်တူး
·
September 14, 2020
 (တိုက်စိုးရာပြည့်) တိုက်စိုးမည်မှတ်၊ ပိဋကတ်မှူး စာဆိုထူး၏၊ သက်ရာပြည့်ဝယ် အသွယ်သွယ်လျှမ်း၊ သူ့စာပန်းများ လန်းလျှက်ပွားအောင်၊ တို့ကြံဆောင်ကြပါစို့။ ။  (မောင်တူး) စာရေးဆရာ တန်ဖိုးကြီးတယ်။ စာပေဟာ နိုင်ငံတည်ဆောက်ရာမှာ ပါဝင်သတဲ့။ စာပေရဲ့ အသိဉာဏ် ဖြန့်ဝေပေးတာ၊ စာပေ အလင်းရောင်၊ စာပေ ဆွဲဆောင်မှုတွေက နိုင်ငံတခုမက ကမ္ဘာ့သမိုင်း တခုလုံးကို ပြောင်းစေခဲ့သတဲ့။ စာပေသမိုင်းနဲ့ လူ့သမိုင်း ဆက်စပ်နေသတဲ့။ စာရေးဆရာတွေဟာ လောကကမ္ဘာကို အလင်းဆောင် လမ်းပြနေကြသူများတဲ့။ ဒီထဲမှာ စက်တင်ဘာ ၂၀ ရက် မွေးဖွားခဲ့တဲ့ စာရေးဆရာ စာပေပညာရှင် တိုက်စိုးမည်သော ပိဋကတ်တိုက်မှူးကြီးလဲ အပါအ၀င်ပါ။ ၁၉၂၀ ပြည့်နှစ်မှာ မွေးခဲ့တဲ့ ဆရာကြီးတိုက်စိုး သက်ရှိထင်ရှားရှိနေမယ်ဆိုရင် ၂၀၂၀ စက်တင်ဘာ ၂၀ မှာ သူ့အသက် ၁၀၀ ပြည့်ပေါ့။  တိုက်စိုးနှင့် စာကြည့်တိုက် ဆရာကြီးတိုက်စိုးက ရန်ကုန်တက္ကသိုလ် ဗဟိုစာကြည့်တိုက်မှာ ငါးနှစ်လောက် အလုပ်လုပ်ခဲ့တာပါ။ ဒီလို လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံတွေကြောင့် သူပြုစုခဲ့တဲ့ အထုပ္ပတ္တိစာအုပ်တွေဟာ ကောင်းမွန်တာလို့ ဆိုကြတယ်။ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ သမိန်ထောရွာမှာ မွေးဖွားခဲ့တဲ့ မောင်သန်းထွတ် (တိုက်စိုး) ဟာ ၁၉၄၆ ခုနှစ်ကျတော့ ရန်ကုန်တက္ကသိုလ်က ဘီအေ (ဝိဇ္ဇာ) ဘွဲ့ရတယ်။ အင်္ဂလိပ်စာ နည်းပြဆရာ လုပ်နေချိန် တက္ကသိုလ်စာကြည့်တိုက်မှူး ဆရာဇော်ဂျီရဲ့ စာကြည့်တိုက် အရေးပါပုံဟောပြောချက်ကို နားထောင်ပြီး စာကြည့်တိုက်မှူးဘ၀ကို သူ ဝါသနာပါသွားတယ်။ စာကြည့်တိုက် = ပညာသိုက် လို့ ဆိုကြတယ်။ ဆရာကြီး တိုက်စိုးက ဒီဖြစ်စဉ်ကို အခုလို ရေးထားခဲ့တယ်။ ‘‘ဆရာဦးသိန်းဟန် (ဇော်ဂျီ)၏ စာကြည့်တိုက်ဟောပြောချက်ကို နားထောင်ရာမှ စာကြည့်တိုက်ပညာကို စိတ်ဝင်စားလာလေသည်။ နဂိုကတည်းက စာစုံစုံလေးဖတ်သောအလေ့ ကျနော့်တွင်ရှိသည်။ စာအစုအဆောင်းတွင်လည်း ကျနော် ဝါသနာပါသည်။ စာကြည့်တိုက်မှာ အလုပ်လုပ်ရသော် ကောင်းလေစွဟု ကျနော်တွေးမိသည်။’’ အဲ့ဒီနောက် သူဟာ (ဗိလတ်) လန်ဒန်ကို စာကြည့်တိုက်ပညာတော်သင်သွားဖို့ ဆရာဇော်ဂျီရဲ့ ထောက်ခံစာ သွားယူခဲ့တယ်။ ဆရာ ဇော်ဂျီက စာကြည့်တိုက်ပညာနဲ့ အလုပ်ရဖို့ခက်ခဲကြောင်း ပြောဆိုခဲ့ပေမဲ့ သူ စိတ်ပျက်မသွားခဲ့ဘူး။ လန်ဒန်က ပြန်လာပြီး နောက်ပိုင်း ရန်ကုန်တက္ကသိုလ်မှာ ဆရာဇော်ဂျီရဲ့ လက်အောက် လက်ထောက် စာကြည့်တိုက်မှူး ဖြစ်လာခဲ့တယ်။ ဒါကြောင့်ပဲ သူဟာ ပြောင်မြောက်တဲ့၊ သုတေသနကျတဲ့၊ စာကိုးနဲ့ အရေးအသားကောင်းတဲ့၊ စေတနာပါတဲ့ ဆောင်းပါးတွေ၊ သုံးသပ်ချက်စာတမ်းတွေ၊ အထုပ္ပတ္တိစာအုပ်တွေ ရေးသား ထုတ်ဝေနိုင်ခဲ့တာပေါ့။  တိုက်စိုး၏ လှိုင်ထိပ်ခေါင်တင် အတ္ထုပ္ပတ္ထိ ဆရာကြီး တိုက်စိုးက လှိုင်ထိပ်ခေါင်တင်အကြောင်းကို အခုလို ရေးခဲ့တာပါ။  ‘‘ အိမ်ရှေ့စံကနောင်မင်း၏ မိဘုရား လှိုင်ထိပ်ခေါင်တင်မှာ ကဗျာစာဆို ဖြစ်လေသည်။ သာယာဝတီမင်း၏ အလှဆုံး သမီးတော် ဟူ၍ စကားရှိလေသည်။ ကနောင်မင်းမှာ မယား များလှသည်။ မင်းသားတို့ မယားများသည်ကား ထုံးစံပင်။ သို့သော် မင်းသားက သူမထံ မလာရောက်နိုင်သည်က များသောအခါ ချစ်တတ်သူပီပီ သူ့လင် သူ့အဆောင်သို့ မကြာခန လာဖို့ကိုကား တောင့်တမည် မုချ ဖြစ်ချေသည်။  အလိုကား မပြည့်ခဲ့။ သို့ဖြင့် . . .  ‘‘ သည်မယ်ထင်စားပါလို့ တအားငယ်သန် ခုများမှာတဉာဏ်နှင့် မူဟန်တော်ခြား ပြုတော်မူ အားသူရဲ့ မျက်ထားသုန်သုန် မသိပြင်ပြင် အလျှင်သူစိမ်းတယ်လေး ပိန်းပိတ်လို့မှုန်။ ’’ စသည်ဖြင့် ဘောလယ်ထဲမှဝေဒနာကို ရင်ထဲသို့သွန်ချလေတော့သည်။ (တိုက်စိုး၏ မင်းနှင့်စာဆို စာမျက်နှာ ၇၁ မှ)  ဆက်လက်ပြီး အဲ့သည်စာအုပ်ရဲ့ စာမျက်နှာ ၇၈ မှာ - ဆက်ရေးခဲ့တာပါ။ ၁၈၆၆ ခုနှစ် ဇွန် ၁၆ တွင် ကနောင်မင်း လုပ်ကြံခံရသည်။ ၂ ရက်အကြာ အလောင်း ခေါင်းသွင်းပြင်ထားသည်။ ထိုအခါ လှိုင်ထိပ်ခေါင်တင်သည် အပျိုတော် ခင်ဆိုင်ကြီးနှင့်အတူ လာကြည့်သည်။ ကြည့်ရာမှ နောက်သို့လှည့်၍ ‘ ဟဲ့ ဆိုင်ကြီး မှတ်လိုက် ’ ဟု အမိန့်ပေးလေသည်။ ထို့နောက် - ‘‘ အပုပ်တော် ကိုယ်တော်ကျပြီမို့ ရုပ်တော် ညိုသော်ကြွသော်လည်း ငိုသော်မှ မယ်မငို။ အကြံ တတ်လေဘု စရပ်မှာ ဧည့်သည်ဆုံးသည်သို့ ဖုန်းပြုသကို။ ထီးဖြူတော် ရှစ်ချက်ကျင်းပါလို့ ကျောက်နီတင် ရွှေတညင်းရယ်နဲ့ အမယ်မင်း သခင့်ကိုယ် ရွှေဖိုနဲ့ တင်ချင်သား။ ကြောင်းမခိုင် မပေါင်းပိုင် အခြေဆိုက်တာကြောင့် နှစ်လောင်းပြိုင် သေကာလိုက်ချင်ပေါ့ သောင်းတိုက်ညာဖွား။ ။  ဟု တဖြည်းဖြည်းခြင်း ဆိုချလေတော့သည်။  မုဆိုးမ လှိုင်ထိပ်ခေါင်တင်သည် ၁၈၇၅ ခုနှစ်၊ အသက် ၄၂ နှစ်တွင် ကံကုန်ခဲ့သည်။ သားဖြစ်သူ ထန်းတပင် မင်းသားမှာမူ ၁၈၇၉ ခုနှစ် သီပေါ(မင်းသား) ထီးနန်း ဆက်ခံနိုင်ရေးအတွက် မင်းညီ မင်းသား အများကို သုတ်သင်ရာတွင် ပါသွားရှာသည်။ - - - ဆရာတိုက်စိုးရဲ့ မင်းနှင့်စာဆို စာအုပ် လှိုင်ထိပ်ခေါင်တင်အတ္ထုပ္ပတ္ထိ မှ…..  ဆရာတိုက်စိုးဟာ စာအုပ် စာတမ်း ပေမူ ပရပိုက်မူတွေကို ရာထောင်ချီ ကိုးကားပြီး ဆောင်းပါး၊ ဝေဖန်ချက်နဲ့ စာအုပ်စာတမ်းတွေ ရေးသားနိုင်ခဲ့သူပါ။ သူဟာ ၁၉၉၆ ခုနှစ်က ထိုင်းနိုင်ငံ၊ ချူလာလောင်ကောင်တက္ကသိုလ်ကို သွားပြီး မြန်မာ့ယုံကြည်မှုနှင့် အထိမ်းအမှတ်များ စာတမ်း (Beliefs and Symbols in Myanma Society) ဖတ်ခဲ့ပါသေးတယ်။  သူ့စာတွေဟာ တိကျခိုင်မာပြီး  အသစ်တွေလဲ ပါတတ်သတဲ့။ ဥပမာ။ ။ ဧရာဝတီစာအုပ်ထဲမှာ ရာဇကုမာကို ကျန်စစ်သားရဲ့ သားတော် မင်းသားတပါးလို့ သူက မရေးသားခဲ့ပါ။ ရာဇကုမာအမတ်ကြီးလို့သာ ရေးခဲ့တယ်။ သူဟာ စာအုပ်ပေါင်း ထောင်သောင်းကို ဖတ်ရှု လေ့လာခဲ့သူ၊ သုတေသီ၊ စာကြည့်တိုက်ပညာရှင်တဦးပါဗျာ။ တိုတိုရှင်းရှင်းနဲ့ ထိထိမိမိ တိတိကျကျ ရေးသားလေ့ရှိတဲ့ စာပေပညာရှင်ကြီးပေါ့။  ဆရာတိုက်စိုး၏ စာအုပ်များ ရေလာသဲလျှင် ခနွဲမဆင်နှင့်။ သေချာမြဲလျှင် မဆွဲမငင်နှင့် ဧရာကဲလျှင် အရဲမဝင်နှင့်။ ။  ရှေးစကားပုံ (တိုက်စိုး၏ ဧရာဝတီ စာအုပ် ၂၀၀၃ ဒီဇင်ဘာ ဒုတိယကြိမ်ထုတ်မှ) တိုက်စိုး ကလောင်အမည်ကို ငွေတာရီ မဂ္ဂဇင်းအမှတ်(၁) (၁၉၆၀-ဇူလိုင်) ကပြီး သုံးစွဲပါတယ်။ စာရေးဆရာကြီး မောင်စွမ်းရည်က မိုးမခမဂ္ဂဇင်းမှာ အခုလို ရေးပါတယ်။  ဆရာတိုက်စိုးဟာ ပထမတော့ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် (ပိဋကတ်တိုက်) မှာ စာကြည့်တိုက်မှူး (ပိဋကတ်တိုက်စိုး) လုပ်ခဲ့ပါတယ်။ ရှေးက စာကြည့်တိုက်မှူးကို ပိဋကတ်တိုက်မှူး၊ ပိဋကတ်တိုက်စိုး စသဖြင့် ခေါ်တယ်လို့ မှတ်သားရဖူးပါတယ်။ “တိုက်စိုး” ဆိုတဲ့ ကလောင် နာမည်ကို “ပိဋကတ်တိုက်စိုး” ဆိုတဲ့စကားလုံးက ယူတာလို့လည်း ကြားရဖူးပါတယ်။ (မောင်စွမ်းရည်) - ဆရာတိုက်စိုးကို လွမ်းပါဘိ ဆောင်းပါး၊ မိုးမခ  မတ် ၂၀၁၄ သန်းထွတ် (၁၁ ဆင့်/ဃ)ဟာ သူ့ ကလောင်ခွဲ ဖြစ်တယ်။ မင်းယုဝေ နဲ့ တွဲဖက်ပြီး (မြန်မာစာမိတ်ဖွဲ့(ပ)တွဲ) ပထမ ဆုံး လုံးချင်းစာအုပ်ကို ၁၉၆၅ နဲ့ ၁၉၆၆ (မြန်မာစာမိတ်အဖွဲ့(ဒု)တွဲ)ကို ထုတ်တယ်။  ၁၉၇၀ (မင်းနှင့် စာဆို) စာအုပ် ထုတ်ပြီး  ဒီစာအုပ်မှာ ကင်းဝန်မင်းကြီးဦးကောင်း၊ ရတုဘုရင်နတ်ရှင်နောင်၊ ကျန်စစ်သား၊ ရှင်မင်းနု၊ ရှင်မဟာရဌသာရ၊ လှိုင်ထိပ်ခေါင်တင်၊ ဦးရွှေလူတို့ ၇ ဦးရဲ့ အထုပ္ပတ္တိတွေ ပါတယ်။  ၁၉၇၂ ခုနှစ်မှာ (အမျိုးသားပညာဝန် ဦးဖိုးကျား) စာအုပ်၊ (မင်းတုန်းမင်း) စာအုပ်၊ ၁၉၇၄ (မော်ပီ ဆရာသိန်း) စာအုပ်၊ ၁၉၇၅  (တိုက်စိုးစာတိုနန့်နန့်) ကို ထုတ်ပြီး ၁၉၇၆ -(ဗုဒ္ဓဘာသာအနုပညာနိဒါန်း)၊ ၁၉၇၈ - (ဂျူဗလီဟောမြင်ကွင်း)၊ ၁၉၈၁ - (ဧရာဝတီ) စာအုပ်၊ (မြန်မာစာပေစာစုစာရင်း) ကို ဦးသော်ကောင်း၊ ဒေါ်စမ်းစမ်းမေတို့နဲ့ တွဲဖက်ထုတ်ဝေခဲ့တယ်။ ၁၉၈၆ ခုက (ယဉ်ကျေးမှု အထိမ်းအမှတ်များ) စာအုပ်။ ၁၉၉၆ -(မင်္ဂလာပါ ဆရာမ) ဘာသာပြန်ဝတ္ထုထုတ်ဝေပြီး အဲ့ဒီနှစ်အတွက်အမျိုးသားစာပေ (ဘာသာပြန်ရသ)ဆုရရှိတယ်။  ၂၀၀၃ ခုနှစ်၊ မေလ ၄ ရက် တောင်ဥက္ကလာပနေအိမ်မှာ မကွယ်လွန်ခင်အထိ လုံးချင်းစာအုပ်ပေါင်း ၁၈ အုပ်ရေးသားထုတ်ဝေခဲ့ပြီး ဒီနေ့အထိ ဆိုရင် လုံးချင်းစာအုပ်ပေါင်း အစိတ်လောက် ရေးသား ထုတ်ဝေခဲ့ပြီးလောက်ပြီ။ ဇေယျ၊ ဂန္ထဝင်စာဆို(၄)ဦး၊ စာရေးစားပွဲပေါ်မှ ပုံရိပ်များ၊ ပညာသိုက်၊ မင်္ဂလာနှင့်အစမ်းစာများ၊ လိပ်ပြာအစမ်းစာများ၊ စာကိုးစကားကိုး၊ စန္ဒကိန္နရီ၊ စာရေးစာပွဲပေါ်မှပုံရိပ်များ၊ ဝသုန္ဓရီနှင့်ရိုးရာအထိမ်းအမှတ်များစာအုပ် တွေလဲ ပါဝင်ပါတယ်။ ဆရာကြီးတိုက်စိုး၏ ဧရာဝတီ စာအုပ် ယဉ်ဧရာ ဖြူဖြူဖွေးရယ်က တောင်ဘေးမှာ ခွေကာလည်တော့ ခရီးသည် ဟိုအကွေ့ကိုဖြင့် ကျော်၍သာ မမြင်ရသော်လဲ့ မျှော်၍သာ အထင်ဖြင့်လှခဲ့ပေါ့…။                      ဇော်ဂျီ (ဧရာဝတီစာအုပ် ကျောဖုံးတွင် ဖော်ပြထားသောကဗျာ။)  ဧရာဝတီမြစ် အစ မေခ၊ မေလိခ ကနေ မြစ်ဝကျွန်းပေါ်အထိ ပထဝီအခြေအနေအတိုင်း ရေးတဲ့ အပိုင်း တစ်။ တကောင်းမင်း တွေ၊ ပျူမင်းတွေ အကြောင်းကစ အနော်ရထာ၊ ရှင်ဒိသာပါမောက္ခ၊ ကျန်စစ်သား၊ အလောင်းစည်သူ၊ မင်းခေါင်၊ ရာဇဓိရာဇ်၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ နတ်ရှင်နောင်၊ ငဇင်ကာ၊ မဟာဝန်ရှင်တော်မင်းကြီးဖိုက်၊ မင်းတုန်း၊ ကနောင်၊ ဦးပုည၊ သီပေါ၊ စုဖုရားလတ်၊ ဆင်ဖြူမရှင်၊ ပုဂံမင်း၊ မြို့ဝန်ဘိုင်ဆတ်၊ သင်္ဘောသူဌေး မနှင်းဆီ၊ ဦးနာအောက်၊ ကာနယ်စလေဒင်၊ ရနောင် မောင်တုတ် စသူတို့ သမိုင်းတွေဖြစ်ကြတဲ့ ဧရာဝတီမြစ်ဝှမ်း လူ့ဖြစ်စဉ်တွေက အပိုင်း နှစ်။ ဧရာဝတီရဲ့ အကောင်းအဆိုး အကြောင်း အပိုင်းသုံး စသဖြင့် ၃ ပိုင်းခွဲ ရေးထားတယ်။ ကိုးကားစာအုပ် စာတမ်း ပေစာ အများအပြားကြီးကို ဖတ်ရှုရေးသား ခဲ့တဲ့ စာအုပ်ဖြစ်သဗျာ။ နှစ်ပေါင်း ၆၀၀၀ ကစလို့ ၁၃၇၃ မိုင်လျားတဲ့ မြစ်ဧရာရဲ့ ပထဝီစဉ်၊ အသုံးကျပုံ၊ တည်မှီဖြစ်ပေါ်ခဲ့ရာ မြို့ပြနိုင်ငံတွေ၊ တနည်းအားဖြင့်တော့ မြစ်ဧရာကိုအခြေခံလို့ ဖြစ်လာ ပျက်လာ ဖြစ်လာ ပျက်လာ ရှိခဲ့တဲ့ မြန်မာ့သမိုင်း စာအုပ်ပါပဲလေ။ လူတိုင်း ဖတ်ကို ဖတ်ရမှာပါဗျာ။  ‘‘သူ့ကမ်းပါးတွင် လယ်သမားလုပ်သား၊ စီးပွားတည်ဆောက် တို့ပြည်မောက်ခဲ့။ သူ့ကမ်းပါးတွင် ဘုရားပုထိုး၊ မိုးစွင့်တည်ဆောက် တို့ပြည်မောက်ခဲ့။ သူ့ကမ်းပါးတွင် ထီးများ နန်းများ၊ ငွားငွားတည်ဆောက် တို့ပြည်မောက်ခဲ့။ မင်းနေပြည်များ သူ့ကမ်းပါးတွင်၊ ဟိုနားပေါ်လိုက် ပျောက်သွားလိုက်နှင့်၊ လှိုင်းရိုက်လောကဓံ မမြဲပြန်လည်း၊ ငွေလျှံမြနှစ် ဧရာမြစ်ကား၊ နှစ်ပေါင်းထောင်သောင်း သိန်းသန်းညောင်းလည်း၊ အားကောင်းစွာပင် စီးဆင်းဆဲ။ ။                                  အံ့မောင် (ဆရာတိုက်စိုး၏ ဧရာဝတီ စာအုပ် စာမျက်နှာ ၄၅ မှ) ဆရာတိုက်စိုးဟာ ဧရာဝတီ အတ္ထုပ္ပတ္ထိလို့ ပြောရမဲ့ ဧရာဝတီ စာအုပ်အပြင်၊ မှော်ပီဆရာသိန်း အတ္ထုပ္ပတ္ထိ၊ ပီမိုးနင်း အတ္ထုပ္ပတ္ထိ၊ ဦးဖိုးကျား၊ မင်းတုန်းမင်း၊ ဦးကောင်း၊ နတ်ရှင်နောင်၊ ကျန်စစ်သား၊ ရှင်မင်းနု၊ ရှင်မဟာရဌသာရ၊ လှိုင်ထိပ်ခေါင်တင်၊ ဦးရွှေလူ စသည်ဖြင့် အထုပ္ပတ္တိတွေ ရေးသားခဲ့တယ်။ စာကြည့်တိုက်တွေကို ကောင်းကောင်း အသုံးချပြီး ကိုးကား ရေးသားခဲ့လို့ စာတွေ ကောင်းသလို တချို့ အတ္ထုပ္ပတ္ထိတွေအတွက် မြေပြင် လက်တွေ့ ကွင်းဆင်း ရေးသားခဲ့တွေလည်း ရှိခဲ့လို့ ဒီလောက် သာလွန် ကောင်းမွန်ရတဲ့ လက်ရာစာမွန်တွေ ဖြစ်ခဲ့တာလို့ ဆိုနိုင်ပါရဲ့။ အထူးသဖြင့် စာကြည့်တိုက်တွေရဲ့ တန်ဖိုး ကြီးမားလေစွ။ နှောင်းလူတွေကလည်း ဆရာတိုက်စိုးကို အတုယူပြီး စာကြည့်တိုက်ပညာတွေကို ဆည်းပူးသင့်လှပါတယ်။ ဆရာတိုက်စိုးဟာ ၁၉၄၉ ခုနှစ်က ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနဆိုင်ရာ စာကြည့်တိုက်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ ၁၉၅၀ မှာ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်လက်ထောက်အဖြစ် တာဝန်ထမ်းဆောင် ပြန်တယ်။ ၁၉၅၁ မှာ အင်္ဂလန်နိုင်ငံ စာကြည့်တိုက်အသင်းမှ A.L.A အဖွဲ့ဝင် ဖြစ်တယ်။ ၁၉၅၂ မှာ ရာမာခရစ်ရှနာမစ်ရှင် အဖွဲ့ စာကြည့်တိုက် ကော်မတီဝင် တာဝန်ယူတယ်။ ၁၉၅၃ ကျတော့ မြန်မာနိုင်ငံ သုတေသနအသင်း အမှုဆောင်၊ ၁၉၅၅ မှာ  အမျိုးသား စာကြည့် တိုက် အထူးအရာရှိ ဖြစ်လာတယ်။ နော်ဝေ၊ ဒိန်းမတ်၊ အိန္ဒိယ တို့မှာလည်း လေ့လာခဲ့တယ်၊ ၁၉၅၆ ဥပဒေဝိဇ္ဇာဘွဲ့ရပြီး ဥရောပမှာ စာကြည့်တိုက်ပညာ ဆက်လက်လေ့လာပြန်တယ်။ ၁၉၆၅ ကျတော့ ရန်ကုန်စက်မှုလက်မှုကျောင်း (အခုစက်မှုနဲ့ သက်မွေးပညာဦးစီးဌာန) က ဆရာမဒေါ်မြင့်မြင့်သန်း (တက္ကသိုလ်မြစိမ်း) နဲ့ လက်ထပ်တယ်။  ၁၉၇၁ - ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ပညာဌာန (ယခု စာကြည့်တိုက်နဲ့ သုတပညာဌာန) စဖွင့်လှစ်တဲ့အခါ ရည်ညွှန်းဘာသာရပ်ကို အချိန်ပိုင်းကထိက အနေနဲ့ ၁၉၈၈ အထိ ပို့ချခဲ့တယ်။ ၂၀၀၃ ခုနှစ်၊ မေလ ၄ ရက်၊ တနင်္ဂနွေနေ့ ညနေ ၅ နာရီ တောင်ဥက္ကလာပနေအိမ်မှာ ကွယ်လွန်ခဲ့ပါတယ်။  ဆရာကြီးတိုက်စိုး အကြောင်း ကွယ်လွန်သူ ဆရာကြီး ဒဂုန်တာရာရဲ့ ရေးသားချက်နဲ့ အဆုံးသတ်ပါ့မယ်။ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း အတွဲ(၁၆) ၊ အမှတ်(၆) ဇွန်လ၊ ၂၀၀၀ မှာ အခုလို ဖော်ပြလိုက်ပါတယ်။  တိုက်စိုး ရေးသောစာအုပ်များမှာ စာများများဖတ်ပြီး စာအုပ်ထဲမှ မှတ်ယူဖော်ပြသော၊ ရှာဖွေထားသော အကြောင်း အရာရပ်များ အတ္တုပ္ပတ္တိများ ဖြစ်သည်။ စာပေသမိုင်းကို မှတ်တမ်းတင်သော စာအုပ်။ သူက စာကြမ်းပိုး။ သို့သော် ပေါ့ပေါ့ဆဆတော့ မလုပ်။ စာများဖတ်ပြီး ဝေဖန်သုံးသပ်ပြီးနောက် ရေးသောသဘော။ စာပေဝေဖန်ရေးအဖြစ် ရေးသည်။ သို့သော် လေးလေးနက်နက် လုပ်သည်။ စာပေ အကဲဖြတ်ရေးကို သူကပို၍ ဆောင်ရွက်ခဲ့သည်။ ကျကျနန လေ့လာဖတ်ရှုပြီးမှ သူက နိဂုံးချုပ်သည်။ ပေါ့ပေါ့ဆဆ နိဂုံးချုပ်သည် မဟုတ်။ သူသည် သမိုင်းကိုစိတ်ဝင်စားသည်။ သူ့စာအုပ်များမှာ သမိုင်းအချက်အလက်များကို အခြေခံ၍ ကျကျနန မှီငြမ်း ပြုစုသော စူးစမ်းဖော်ထုတ် လေ့လာတင်ပြသော အချက်အလက်များဖြင့် ပြည့်စုံသည်။ သူ့စာအုပ်များကလည်း မနည်း၊ ဂျူဘလီဟော၊ မင်းတုန်းမင်း စသည် စသည်။ ကျွန်တော်တို့သည် ကြီးပြင်းလာသောအခါ ရုပ်ပုံလွှာများ ပြောင်းလဲတတ်သည်။ ဖွံ့ဖြိုးလာတတ်သည်။ တချို့လည်း ဖူးငုံလာရာမှ ပွင့်လာသည်။ သို့သော် အမွှေးသိပ်မရ။ တိုက်စိုးသည် ယခု ဖူးငုံရာမှ ပွင့်လာပြီး အရောင်အသွေးက မွှေးလျက်၊ လှပလျက်။  (ဒဂုန်တာရာ ၁၄၊ ၁၁၊ ၉၇ ) ဟုတ်ပါရဲ့ဗျာ။ ၁၉၂၀ ပြည့် စက်တင်ဘာ ၂၀ မွေးဖွားခဲ့တဲ့ စာရေးဆရာ စာပေပညာရှင် တိုက်စိုးမည်သော ပိဋကတ်တိုက်မှူးကြီးရဲ့ စာတွေဟာ အခု သူ့ရဲ့ ရာပြည့်တိုင်အောင် အရောင် အသွေးစုံ မွှေးလျှက်ထုံစွာ လှပကာနေဆဲပါခင်ဗျာ။ ။  မောင်တူး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024