ပုသိမ်တွင် သစ်လုပ်ငန်းအင်ဂျင်နီယာ အပါအဝင် ၄ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
September 14, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ မြန်မာ့သစ်လုပ်ငန်းဌာနက တိုင်းအဆင့် အင်ဂျင်နီယာ အပါအဝင် ၄ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရကြောင်း အတည်ပြုတွေ့ရှိခဲ့တယ်လို့ ပုသိမ်ပြည်သူ့ဆေးရုံကြီးက သိရပါတယ်။
ပိုးတွေ့ခဲ့တဲ့ မြန်မာ့သစ်လုပ်ငန်းက တိုင်းအဆင့် အင်ဂျင်နီယာဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်မှ ၃၁ ရက်အထိ ရန်ကုန်ကို ရုံးကိစ္စ ၁ ပတ်ကြာသွားရောက်ခဲ့သူဖြစ်ပြီး စက်တင်ဘာ ၁၀ ရက်မှာ ကိုယ်လက်ကိုက်ခဲ ဖျားနာတာတွေစတင်ဖြစ်ပြီး ၁၃ ရက်နေ့မှာ အနံ့ပျောက်သွားလို့ သာသနာဗိမ္မာန်ရှိ Community Fever clinic ကိုသွားရောက်ပြသပြီးနောက် ဆေးရုံကြီးကို ရောက်ရှိလာတာလို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က ပြောပါတယ်။
"ဒီနေ့တွေ့တာ အားလုံး ၄ ဦးပေါ့။ မနေ့က တွေ့တဲ့သူရဲ့ ကွင်းဆက် တစ်ယောက်ပါတယ်။ ကျန်တဲ့ သုံးဦးလုံးက လူနာအသစ်တွေပါ၊ နောက်မှာ ပတ်သက်ခဲ့တဲ့သူတွေကိုလည်း တာဝန်ရှိတဲ့သူတွေက လိုက်လံစုံစမ်းနေပါတယ်။ တချို့လည်း အသွားအလာ ကန့်သတ်စောင့်ကြည့် နေပါပြီ"လို့ ပြောပါတယ်။
ပိုးတွေ့ရှိခဲ့တဲ့ လူနာ လေးဦးထဲက တစ်ဦးကတော့ ပုသိမ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနက မနေ့က ပိုးတွေ့ရှိခဲ့သူ အမျိုးသားဖြစ်ပြီး နောက်ထပ် သုံးဦးကတော့ ပုသိမ်မြို့နေ ထောင်ကုန်းမှ အသက် ၃၄ နှစ်အရွယ်အမျိုးသား၊ ရွှေမြင်တင်ကျေးရွာမှ ကိုယ်ဝန် ၃ လကျော်အမျိုးသမီးနဲ့ ရွှေမြင်တင် ကျေးရွာရှိ မြန်မာ့သစ်လုပ်ငန်းက တိုင်းအဆင့် အင်ဂျင်နီယာ အမျိုးသားတို့ဖြစ်ပါတယ်။
လက်ရှိအချိန်ထိ ပုသိမ်မြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆ ဦးထိရှိနေပြီး ပုသိမ်ပြည်သူ့ ဆေးရုံကြီးမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာတွေဖြစ်တဲ့ သာပေါင်း၊ ကျုံပျော်၊ ကျောင်းကုန်း၊ ကန်ကြီးထောင့်စတဲ့မြို့နယ်တွေက ၁ ဦးစီ၊ ဖျာပုံက ၂ ဦးနဲ့ ပုသိမ်မြို့ကလူနာတွေအပါဝင် စုစုပေါင်း ၁၂ ဦးကို ကုသပေးနေပါတယ်။
သတင်း-မင်းထက်မုန်း (ပုသိမ်)