ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးပပျောက်ရေး ပူးပေါင်းဆောင်ရွက်ရန်လို
နန်းမြနဒီ
·
June 26, 2013
ကမ္ဘာပေါ်မှာ အာဖဂနစ္စတန်ပြီးရင် ဒုတိယမြောက် ဘိန်းစိုက်ပျိုးမှုအများဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံဟာ နှစ်အတန်ကြာရပ်တည်နေဆဲဖြစ်ပြီး ရှမ်းပြည်နယ်ဟာ အစိုက်ဆုံးနေရာဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
မြန်မာအစိုးရကလည်း ၂၀၁၄ ခုနှစ်ကို မူးယစ်ဆေးဝါးကင်းစင်တဲ့နှစ်လို့ သတ်မှတ်ထားရာက နောက်ထပ် ၅ နှစ်ထိ သက်တမ်းတိုးလိုက်ပါတယ်။
ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် အားလုံး ပူးပေါင်းဆောင်ရွက်ဖို့ လိုကြောင်း ရှမ်းနိုင်ငံရေးပါတီတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တွေက ပြောကြားလိုက်ပါတယ်။
မူးယစ်ဆေးပပျောက်ရေး အောင်မြင်အောင် မဆောင်ရွက်နိုင်သေးတာနဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က “နံပါတ်တစ်က နိုင်ငံရေးပြေလည်မှုမရလို့၊ နှစ်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ ပေါ်လစီမမှန်လို့ပါ။ နံပါတ် ၃ က တကယ်တိုက်ဖျက်ချင်စိတ်ရှိဖို့ လိုတယ်။ တကယ် တိုက်ဖျက်ချင်တဲ့စိတ် မရှိသေးလို့ပါ။ နံပါတ် ၄ က ဒေသဖွံ့ဖြိုးရေးမရှိလို့၊ အဲဒီဒေသတွေမှာ ကားလမ်းတွေပေါက်မယ်၊ လျှပ်စစ်မီးတွေ ရှိမယ်၊ တရားဥပဒေစိုးမိုးမယ်ဆိုရင် မူးယစ်ဆေးဝါး မရှိနိုင်ပါဘူး” လို့ ပြောပါတယ်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းမှာ နိုင်ငံရေးပါတီတွေအနေနဲ့ အစိုးရကို ကျော်ပြီး လုပ်ပိုင်ခွင့်မရှိကြောင်း၊ အစိုးရသာလျှင် အောင်မြင်အောင် ဆောင်ရွက်နိုင်မယ်လို့ ဆိုပါတယ်။
အစိုးရရော၊ ကုလသမဂ္ဂနဲ့ပါ ရှမ်းပြည်နယ်တွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေကို ပူးပေါင်းတိုက်ဖျက်သွားဖို့ လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က အခုထိ လုပ်ငန်း အကောင်အထည်ဖော်လို့ မရသေးကြောင်း ပြောပါတယ်။
“ကျနော်တို့ စံပြစီမံကိန်းအဖြစ်နဲ့ မိုင်းပန်နဲ့ မိုးနဲမှာ မူးယစ်ဆေးဝါးပပျောက်ရေးစီမံကိန်းတွေ ရေးဆွဲဖော်ဆောင်သွားဖို့ တာချီလိတ်၊ ကျိုင်းတုံမှာ သဘောတူညီချက်ရပေမယ့် လုပ်ငန်းဖော်ဆောင်ရာမှာ အစိုးရအဖွဲ့ပိုင်းက လုံခြုံရေးပိုင်းမှာ အားလုံးတာဝန်ယူမယ်ပြောတယ်။ ဒါပေမယ့် ကျနော်တို့က စံပြစီမံကိန်းမှာ အဖက်ဖက်က ပူးပေါင်းပါဝင်နိုင်ဖို့အရေး ပြောတယ်။ ဒီနေရာမှာ အမြင်မတူတာတွေရှိတယ်။ လက်နက်မကိုင်ရဆိုတဲ့ ကိစ္စကပါလာတော့၊ နောက် စံပြစီမံကိန်းမှာလည်း လုံခြုံစိတ်ချရတဲ့နေရာမှာဖြစ်ရမယ်ဆိုတော့ အမြင်ချင်းကွဲသွားတာ ရှိသလို နောက်ပိုင်း အထက်အမိန့်မရသေးလို့ ဆိုပြီး ဒေသခံသက်ဆိုင်ရာတွေက ဘာမှ လုပ်ပိုင်ခွင့်မရှိတော့ ဒီလုပ်ငန်း ရပ်တန့်နေရတယ်၊ အကောင်အထည်ဖော်လို့မရနိုင်သေးတာ ဖြစ်ပါတယ်။”
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်ကတော့ တိုင်းရင်းသားအဖွဲ့တွေ ကိုယ့်ဒေသနဲ့ကိုယ် မူးယစ်ဆေးဝါး ထိန်းချုပ်နိုင်ဖို့ လိုတယ်လို့ ပြောပါတယ်။
“ကိုယ့်ဒေသမှာ မဖျက်သိမ်းနိုင်ဘူး၊ မတရားဆီးနိုင်ဘူးဆိုရင် ကိုယ့်တိုင်းရင်းသား၊ လူမျိုးပဲ လူမျိုးတုံးမှာလေ။ ဒေသမှာဖြစ်ဖြစ်၊ နိုင်ငံတော်မှာဖြစ်ဖြစ် မကြိုးစားဘူး၊ ပျောက်အောင် မလုပ်ဘူး၊ မတားဆီးနိုင်ဘူးဆိုရင် ဒေသကလူငယ်တွေ၊ ဒေသ တိုင်းရင်းသားတွေ လူညွန့်တုံးမှာလေ။ ဒေသအကျိုးစီးပွား၊ နိုင်ငံအကျိုးစီးပွား၊ လူမျိုးအကျိုးစီးပွားအတွက် အားလုံး ၀ိုင်းဝန်ပြီး ပိတ်ပင် တားဆီးမှုတွေ လုပ်ရမယ်။”
ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ရဲ့ ပြောခွင့်ရ ဗိုလ်မှူးစိုင်းလကတော့ ရှမ်းပြည်မှာ လက်နက်ကိုင်အဖွဲ့တွေများပြီး အချို့လက်နက်ကိုင်အဖွဲ့တွေက မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေတာကြောင့် မူးယစ်ဆေးဝါး ပပျောက်မှုမရှိသေးတာဖြစ်ကြောင်း၊ အားလုံး တက်ညီလက်ညီ လုပ်ဆောင်ဖို့ လိုတယ်လို့ ပြောပါတယ်။
ရှမ်းပြည်နယ်မှာ မြို့နယ်ပေါင်း ၅၅ ခုရှိတဲ့ထဲက ၄၀ ကျော်မှာ ဘိန်းစိုက်ပျိုးမှုနေကြောင်း၊ မြန်မာတနိုင်ငံလုံး မူးယစ်ဆေးဝါးကင်းစင်ဖို့ဆိုရင် နိုင်ငံရေးပြဿနာကို ဖြေရှင်းရမှာဖြစ်ပြီး နိုင်ငံရေး ပြေလည်လို့ ဥပဒေစိုးမိုးရင် မူးယစ်ဆေးဝါးကိစ္စ ထိန်းချုပ်နိုင်မှာဖြစ်ကြောင်း ရှမ်းပြည်မူးယစ်ဆေးဝါး လေ့လာစောင့်ကြည့်ရေး အဖွဲ့ခေါင်းဆောင် ဦးခွန်စိုင်းက ပြောပါတယ်။