YBS စီးနင်းသူဦးရေ ထက်ဝက် ကျဆင်း
DVB
·
September 13, 2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်သူ တိုးမြင့်လာနေတာကြောင့် ရန်ကုန်မှာပြေးဆွဲနေတဲ့ YBS စီးနင်းသူဦးရေဟာ သိသိသာသာလျော့လာပြီး ထက်ဝက်အထိ ကျလာပါတယ်။
ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ရဲ့ စာရင်းတွေအရ ကိုဗစ်-၁၉ ပထမလှိုင်းတုန်းက လျော့သွားခဲ့ပြီးနောက် ဇူလိုင်လဆန်းမှာ ပြန်များလာခဲ့တာပါ။
ဇွန်လဆန်းမှာ လူ ၆ သိန်းလောက်ပဲ စီးခဲ့ကြပြီး ပြန်များလာလို့ ဇူလိုင် ဒုတိယပတ်မှာ လူပေါင်း ၉ သိန်းခွဲကျော် စီးနင်းခဲ့ပါတယ်။
အခု စက်တင်ဘာလဆန်းမှာ ကိုဗစ်-၁၉ လူနာသစ် တကြိမ်တည်း အယောက် ၁၀၀ တွေ့ပြီးနောက်မှာ စီးနင်းသူတွေ လျော့လာတာဖြစ်ပြီး တရက်ကို လူ ၁၀ သိန်းကျော်စီးနေရာကနေ စက်တင်ဘာ ၆ ရက်နေ့မှာ ၉ သိန်း ၁ သောင်းကျော်အထိ လျော့လာပါတယ်။
စက်တင်ဘာ ၁၂ ရက်မှာတော့ YBS ပြေးဆွဲလမ်းကြောင်း ၁၂၈ လိုင်းက မော်တော်ယာဉ်စီးရေ ၂,၆၄၂ စီးနဲ့ ခရီးသည် ၅၆၅,၈၇၄ ယောက်ကို သယ်ယူပို့ဆောင်ပေးခဲ့တယ်လို့ YRTA က ထုတ်ပြန်ပါတယ်။
ဒီစာရင်းတွေဟာ ယာဉ်လိုင်းတွေက ပေးပို့လာတဲ့ မှတ်တမ်းတွေအရ ဖြစ်တယ်လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောဆိုထားပါတယ်။
အခုပြေးဆွဲနေတဲ့ ယာဉ်လိုင်း အရေအတွက်နဲ့ ကားစီးရေဟာ နေ့စဉ် ခရီးသွားနေသူတွေ၊ ယာဉ်မောင်းတွေ ပါဝင်ဆောင်ရွက်နိုင်တဲ့ အခြေအနေအရ ပြေးဆွဲနေတာလို့ YRTA က ထုတ်ပြန်ထားပါတယ်။
ရန်ကုန်မှာ ယာဉ်လိုင်းပေါင်း ၁၀၀ ကျော်က ကားစင်းရေ ၄၄၀၀ နဲ့ ပြေးဆွဲနေတာ ဖြစ်ပြီး ကိုဗစ်-၁၉ မဖြစ်ခင်ကာလမှာတော့ တရက်ကို လူပေါင်း ၁၈ သိန်းလောက် စီးနင်းခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂,၅၉၅ ဦး၊ သေဆုံးသူ ၁၆ ဦး၊ ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးသူ ၆၇၆ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၃၁ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။