မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ လူနာ စံချိန်တင်တွေ့ရှိ၊ ကလေး ၂၀ ရာခိုင်နှုန်းကျော် ပါဝင်
DVB
·
September 12, 2020
မွန်ပြည်နယ်ရဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာ စံချိန်တင်တွေ့ရှိမှုမှာ ကလေးငယ် ၂၀ ရာခိုင်နှုန်းကျော် ပါဝင်လာပြီး ၂ ဦးက ခရီးသွား ရာဇဝင်မရှိသလို ကိုဗစ်လူနာတွေနဲ့ ထိတွေ့ထားတဲ့သူတွေ မဟုတ်ဘူးလို့ သိရပါတယ်။
မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံထားရသူ ၁ ရက်တည်း ၁၉ ဦးအထိ စံချိန်တင် တွေ့ရှိခဲ့တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက စက်တင်ဘာ ၁၁ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
စံချိန်တင်တွေ့ရှိမှုအရ မော်လမြိုင် မြို့နယ်တခုတည်းမှာပဲ ကူးစက်ခံထားရသူ ၁၈ ဦးအထိ ရှိပြီး ကျန် ၁ ဦးကတော့ မုဒုံမြို့နယ်က ဖြစ်ပါတယ်။ ကူးစက်ခံထားရသူ ၁၉ ဦးထဲမှာ ကလေးငယ် ၂၀ ရာခိုင်နှုန်းကျော် ပါဝင်လာပြီး ကျန် ၂ ဦးက ဘယ်ကကူးစက်မှန်း မသိတဲ့သူတွေ ဖြစ်နေပါတယ်။
ဒါကြောင့် အခုလို အခြေအနေမှာ ရောဂါထိန်းချုပ်နိုင်အောင် ပြည်သူတွေအနေနဲ့ နေအိမ် အပြင်မထွက်ဘဲ အနည်ဆုံး ၁ ပတ်အကြာ နေထိုင်ပေးကြဖို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက မေတ္တာရပ်ခံပါတယ်။
မော်လမြိုင်မှာ ကိုဗစ်ရောဂါပိုး တွေ့ရှိမှု ဆက်တိုက်မြင့်တက်လာတဲ့အတွက်ကြောင့် မော်လမြိုင် ရွှေတောင်ရပ်ကွက်က သီတာလမ်းကို lock down ပြုလုပ်ထားပြီး ရွှေတောင်၊ ဖက်တန်း၊ မုပွန်နဲ့ စစ်ကဲကုန်း ရပ်ကွက်တွေကို Stay at Home သတ်မှတ်ကြေညာထားပါတယ်။
ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့ထားသူတွေကို လိုက်လံခေါ်ဆောင်ပြီး quarantine စင်တာကို ပို့ဆောင်ပေးနေတယ်လို့ မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့ အတွင်းရေးမှူး ကိုဇင်မိုးကပြောပါတယ်။
မွန်ပြည်နယ်မှာတော့ အခုအခါ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရသူ ၄၆ ဦးအထိ ရှိလာခဲ့ပြီး ကိုဗစ်လူနာ အမှတ် ၄၈၂ ကိုတော့ ဆေးရုံ ဆင်းခွင့်ပြုလိုက်ပြီး ဖြစ်ပါတယ်။
ပြည်နယ်အတွင်း ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရမှုအရ ပြည်တွင်းကူးစက်မှုဟာ ၉၀ ရာခိုင်နှုန်း နီးပါးအထိ ရှိလာခဲ့တာပါ။
ဇော်လွင်ထွဋ်