ကော့သောင်း-ပုလုံးတုံတုံး တံတားသစ် ယာယီဖြတ်သန်းခွင့်ပြု
DVB
·
September 12, 2020
တနင်္သာရီတိုင်း ကော့သောင်းမြို့နဲ့ ပုလုံးတုံတုံးကျွန်းရွာကို ဆက်သွယ်တည်ဆောက်ထားတဲ့ ပုလုံးတုံတုံးတံတားသစ်ကို စက်တင်ဘာ ၁၁ ရက်နေ့က ယာယီဖြတ်သန်းခွင့်ပြုလိုက်ပါတယ်။
“အရင် သစ်သားတံတားဟောင်းကို ဖြိုမယ်၊ ၂၀၂၀ အောက်တိုဘာလလယ်လောက်မှာ သမုတ်တံတား၊ တနင်္သာရီတံတားနဲ့အတူ တရားဝင်ဖွင့်မယ်လို့တော့ သိထားတယ်” လို့ တံတားဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။
အဲဒီတံတားမှာ ကော့သောင်းမြို့ ၄ မိုင်နဲ့ ပုလုံးတုံတုံးကျေးရွာကို ချိတ်ဆက်ထားတဲ့ သံကူကွန်ကရစ်မြစ်ကူးတံတားဖြစ်ပြီး အရှည်ပေ ၂၄၀၀၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေနဲ့ လူသွားလမ်းအကျယ် (တဖက်) ၅ ပေခွဲစီ ရှိတယ်လို့ သိရပါတယ်။
ပုလုံးတုံတုံး ကျေးရွာနေ ကိုဝင်းနိုင်က “အခု ကျနော်တို့ နှစ်ရှည်လများ တောင်းတနေတဲ့ တံတားသစ်ကြီး ပြီးပြီ၊ ဖြတ်သန်းသွားလို့ရနေပြီ၊ နေ့ညအချိန်မရွေး သွားလာလိုတဲ့အတွက် ကျနော်တို့ ကျေးရွာအတွက် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အားလုံးအဆင်ပြေသွားတော့မယ်။ ရွာမှ ာကမ်းခြေတခုရှိတဲ့အတွက် အများပြည်သူတွေ အပန်းဖြေသွားလာတာ အဆင်ပြေသွားတော့မယ်။ ဒီတံတားသစ်ကြီး ဆောက်လုပ်ပေးလိုက်တဲ့အတွက် ရွာသူရွာသားတွေကတော့ ကျေးဇူးတင်နေမှာပါ” လို့ ပြောပါတယ်။
အဆိုပါတံတားကြီးကို တနင်္သာရီတိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်နဲ့ ကျပ်သန်း ၁၃,၄၉၀ အကုန်အကျခံပြီး ၂၀၁၉ ခုနှစ်မှာ စတင်အကောင်အထည်ဖော် တည်ဆောက်ရာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှာ ယာယီဖြတ်သန်းခွင့်ရခဲ့တာပါ။
သတင်း - လတ်ကိုကိုဦး