Homeအနုပညာ
ဂျူနီယာချစ်ကောင်း သီဆိုမှုနှင့် ခံစားနားဆင်ကြရမယ့် “ပန်းတပွင့်”ရုပ်ရှင်ဇာတ်ဝင်တေး (ရုပ်သံ)
ဂျူနီယာချစ်ကောင်း သီဆိုမှုနှင့် ခံစားနားဆင်ကြရမယ့် “ပန်းတပွင့်”ရုပ်ရှင်ဇာတ်ဝင်တေး (ရုပ်သံ)
DVB
·
September 12, 2020
မြန်မာ့ရုပ်ရှင်ရာပြည့်ဂီတဖျော်ဖြေပွဲအမှတ်စဉ် ၆ မှာတော့ အနုပညာမျိုးဆက်သစ် တယောက်ဖြစ်တဲ့ တေးသံရှင် ဂျူနီယာချစ်ကောင်းကလည်း ရုပ်ရှင်ဇာတ်ဝင်တေးတပုဒ်နဲ့ ပါဝင်ဖျော်ဖြေသွားခဲ့ပါတယ်။
သူ သီဆိုခဲ့တဲ့ သီချင်းကတော့ ၂၀၀၁ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ “ပန်းတစ်ပွင့် ဖန်ဆင်းခြင်း” ရုပ်ရှင်ကားထဲက ဇာတ်ဝင်တေးတပုဒ် ဖြစ်ပါတယ်။
မဟာထွန်းရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ ဒီရုပ်ရှင်ကားကိုတော့ ဒါရိုက်တာ ကြည်ဖြူသျှင်က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး လွင်မိုး၊ လူမင်း၊ ထက်ထက်မိုးဦးနဲ့ လှအဉ္ဇလီတင့်တို့က ပါဝင်သရုပ်ဆောင်ထားခဲ့ကြတာ ဖြစ်ပါတယ်။
ဒီကားထဲမှာ ပါဝင်တဲ့ အဓိကဇာတ်ဝင်တေးသီချင်းတပုဒ်ဖြစ်တဲ့ “ပန်းတစ်ပွင့်” သီ ချင်းကိုတော့ တေးရေး ဆောင်းဦးလှိုင်က ရေးစပ်ပေးထားခဲ့ပြီး ဆောင်းဦးလှိုင်နဲ့ ထရေစီ တို့က မူရင်းတေးသံရှင်တွေအနေနဲ့ သီဆိုထားခဲ့ကြတာ ဖြစ်ပါတယ်။
“ပန်းလေးတစ်ပွင့် ဖန်ဆင်းပေးခဲ့သူ… အဖူးအငုံဘဝထဲက… ပျိုးထောင်မြတ်နိုးသူ … အနာဂတ်များထဲ မျှော်လင့်ချက်ကလေးနဲ့… တချိန်ချိန်မှာ အလှသွေးကြွယ်… ပန်ချင် သူတွေများလည်း… ကိုယ်တိုင်တည်ဆောက်ခဲ့တဲ့ အိပ်မက်… ခိုင်မြဲစွာ အချစ်များနဲ့… နှ လုံးသားထဲအမြစ်တွယ်… အနက်ရှိုင်းဆုံး ကိုယ့်ကို ချည်နှောင်ထားခဲ့… ရင်ထဲမှာ အချစ် ဦးအတွက် အမြဲတမ်းရှိမယ်… ကိုယ့်အိပ်မက်ရယ်… တစ်သက်လုံးပဲအနားမှာ ထားချင်တယ်”
ဂျူနီယာချစ်ကောင်းကတော့ ပရိသတ်တွေကို အထူးမိတ်ဆက်ပေးနေဖို့ လိုမယ် မထင်ပါဘူး။ သူဟာ တချိန်က ဂီတလောကရဲ့ ကြယ်တပွင့်ဖြစ်တဲ့ ဖခင်ဖြစ်တဲ့ အဆိုတော် ချစ်ကောင်းရဲ့သား၊ အဆိုတော် အိမ့်ချစ်ရဲ့မောင်ဖြစ်ပြီး မျိုးဆက်သစ်တယောက်အနေနဲ့ ဂီတလမ်းကြောင်းပေါ် လျှောက်လှမ်းလာနေခဲ့သူ ဖြစ်ပါတယ်။
သိပ်မကြာခင်ကလည်း ဖခင်ဖြစ်သူရဲ့ နာမည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့ “မမရောဂါ” သီချင်းကို ဗားရှင်းအသစ်တမျိုးနဲ့ ထွက်ရှိထားခဲ့ကာ အတွဲသီချင်းခွေတချို့မှာ သီဆိုတာတွေ၊ အစ်မဖြစ်သူနဲ့ အတူ သီချင်းတွေ သီဆိုတာတွေ လုပ်ဆောင်နေခဲ့တာပါ။
ခုတခါမှာလည်း “ပန်းတစ်ပွင့်” ရုပ်ရှင်ဇာတ်ဝင်သီချင်းကို မူရင်းအဆိုရှင် ဆောင်းဦးလှိုင်၊ ထရေစီတို့နဲ့မတူ တမူကွဲပြားတဲ့ သီဆိုဟန်ကို ပရိသတ်တွေက ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။