ပျောက်ဆုံး နယ်ခြားစောင့်တပ်သား ၁ ဦး အလောင်းပြန်တွေ့၊ ၁ ဦးကို ဆက်လက်ရှာဖွေ
DVB
·
September 12, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း သရက်အုပ်ကျေးရွာ ရဲကင်းစခန်းက ပျောက်ဆုံးနေတဲ့ နယ်ခြားစောင့် ၂ ဦးထဲက ၁ ဦးကို သေဆုံးလျက် ပြန်လည်တွေ့ရှိတယ်လို့ သိရပါတယ်။
နယ်ခြားစောင့်အရာရှိတဦးက “သူတို့ ၂ ဦးက သရက်အုပ်ရဲကင်းစခန်းကနေ စက်တင်ဘာ ၅ ရက်နေ့ နေ့လယ်ပိုင်းမှာ ရွက်ညိုတောင်ကျေးရွာ သူတို့မိသားစုထံကို wave money နဲ့ လစာငွေသွားလွှဲပြီး အပြန်မှာပျောက်နေတာဖြစ်တယ်။ စက်တင်ဘာ ၇ ရက်နေ့မှာ ၁ ဦးကို ရွက်ညိုတောင်ကျေးရွာအနီး ပုဇွန်ကန်မှာ အသေတွေ့တယ်။ နောက် ၁ ဦးကတော့ ဒီနေ့အထိ ရှာမတွေ့သေးဘူး။ သူတို့ ၂ ဦးကိုင်တဲ့ လက်နက်တွေပါ ပျောက်နေတယ်” လို့ ပြောပါတယ်။
အသတ်ခံရသူမှာ ရဲတပ်သား ဇေယျာမျိုးဖြစ်ပြီး ရွာညိုတောင်ကျေးရွာအနီးရှိ ပုစွန်ကန်အဟောင်းမှာ စက်တင်ဘာ ၇ ရက်နေ့ မနက်က အလောင်းတွေ့ရှိခဲ့ပြီး ရဲတပ်သားမြင့်သိန်းကို မတွေ့သေးဘူးလို့ သိရပါတယ်။
အဆိုပါဖြစ်စဉ်ကြောင့် ရွက်ညို့တောင်ကျေးရွာက ပုစွန်ကန်ပိုင်ရှင်ဖြစ်တဲ့ ဦးမောင်ထွန်းစိန်၊ အာရှိတ်ဂျာကျေးရွာမှ ခေတ္တအုပ်ချုပ်ရေးမှူး အုစ်မာန်(ခ)လာလူ နဲ့ သရက်အုပ်ကျေးရွာက မိုဟာမတ်ဟူဆိန်းတို့ ၃ ဦးအား ငါးခူရနယ်မြေစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်လှစ်ထားပြီး မောင်တောမြို့နယ်တရားရုံးမှာ စက်တင်ဘာ ၂၂ ရက်နေ့အထိ ချုပ်ရမန်ရယူထားတယ်လို့ သိရှိရပါတယ်။
လက်ရှိမှာ ပျောက်ဆုံးနေသူ ရဲတပ်သားနဲ့ လက်နက်တွေ ရရှိရေး နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
လင်းလက်