မုံရွာမြို့ လမ်းဘေးရေမြောင်းတွင် မိချောင်းပေါက် ၁ ကောင် ဖမ်းမိ (ဓာတ်ပုံ)
Aung Ko Latt
·
September 11, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာဦးရပ်ကွက်၊ ရတနာလမ်းဘေးရှိ ရေမြောင်းမှာ သားပေါက်တကောင် ဖမ်းဆီးမိခဲ့ပါတယ်။
ရပ်ကွက်နေသူတွေက စက်တင်ဘာ ၁၁ ရက်နေ့ မနက်ပိုင်းက မိချောင်းပေါက်လေးတွေ တွေ့ရှိတယ်ဆိုပြီး သတင်းတွေ ပျံ့နှံ့ခဲ့ပြီးနောက် နေ့လယ်ပိုင်းမှာ မြို့နယ်၊ ခရိုင်မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတွေက လာရောက်ကာ ရှာဖွေခဲ့ကြတာပါ။
ညနေ ၃ နာရီခန့်အချိန်မှာတော့ မိကျောင်းပေါက်လေးတစ်ကောင်ကို ဖမ်းဆီးရမိခဲ့ပြီး နောက်ထပ်ကျန်သေးတယ်ဆိုတဲ့ သတင်းတွေအရ ဆက်လက်ရှာဖွေနေတယ်လို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးညီညီဇော်က ပြောပါတယ်။
"လောလောဆယ်ဖမ်းမိတဲ့ မိကျောင်းကိုတော့ သက်ဆိုင်ရာကို အပ်နှံပေးသွားမယ်။ နောက်ထပ် ကျန်သေးတယ်ဆိုလို့လည်း ရှာဖွေနေတယ်။ ဘယ်ကဘယ်လိုရောက်တယ်ဆိုတာတော့ မသိရသေးပါဘူး။"
မိကျောင်းက ဘယ်လိုရောက်လာတယ်ဆိုတာကိုတော့ အကြောင်းရင်းရှာဖွေနေဆဲ ဖြစ်ပါတယ်။ ထူးခြားဖြစ်စဉ်ဖြစ်လို့ ကိုဗစ်ကပ်ရောဂါကို အလေးမထားဘဲ လာရောက်ကြည့်ရှုကြသူ တွေလည်း လူဦးရေ အနည်းဆုံး ၅၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
ဒီမိကျောင်းကို တရုတ် ဒါမဟုတ် အိန္ဒိယကို တရားမဝင်ပို့တာကနေ လမ်းကြောပိတ်လို့ လာလွှတ်တာလည်း ဖြစ်နိုင်သလို အိမ်မှာမွေးထားတာကနေ အရွယ်ကြီးလာလို့ လာလွှတ်တာလည်း ဖြစ်နိုင်တယ်ဆိုပြီး ထင်ကြေးပြောဆိုကြတာတွေလည်း ရှိပါတယ်။
လတ်တလောမှာတော့ ကိုဗစ်ကြောင့် လူစုလူဝေးမဖြစ်ဖို့ လုံခြုံရေးတွေလည်း ချပြီး ဆောင်ရွက်နေကြပါတယ်။