Home
မြန်မာသတင်း
မလေးရောက်မြန်မာများကို သီတဂူဆရာတော် ဒေါ်လာ ၁ သိန်းကျော် လှူဒါန်း
နော်နိုရင်း
·
June 25, 2013
မလေးရှားနိုင်ငံကနေ ပြန်လာဖို့ အခက်အခဲရှိနေတဲ့ မြန်မာနိုင်ငံသားတွေအတွက် မလေးရှားနိုင်ငံ ရောက်ရှိနေတဲ့ သီတဂူဆရာတော်က ဒေါ်လာ ၁ သိန်း ၃ သောင်းကျော် လှူဒါန်း ကူညီလိုက်ပါတယ်။ သီတဂူ ဆရာတော်ကိုယ်တိုင် မနေ့က မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနကို ကြွရောက်ပြီး မြန်ပြည်ပြန်မယ့်သူတွေကိုကို ဩဝါဒ မိန့်ကြားကာ မြန်မာနိုင်ငံသားတွေ ပေးဆောင်ရမယ့်  ဗီဇာရက်လွန်ကြေးငွေတွေကို လှူဒါန်းလိုက်တာလို့  မြန်မာပြည်ပြန်မယ့် မြန်မာနိုင်ငံသားတွေကို လိုက်လံကူညီ ပေးနေတဲ့ ဦးသီဟမောင်မောင်က ပြောပါတယ်။ “မနေ့က ဆရာတော် လေဆိပ်မှာ သွားကြည့်တော့ လ၀ကမှာ လက်ဗွေနှိပ်ရတဲ့ အယောက် ၈၀ ကို ဆရာတော့်ဆီခေါ်သွားတယ်။ သူတို့ဒုက္ခတွေကို ဆရာတော်တွေ့တယ်။ လ၀ကမှာပေးရမယ့် ရင်းဂစ် ၄၀၀ (အိုဗာစတေးကြေး)ကို အခက်အခဲဖြေရှင်းတဲ့အနေနဲ့ ဒီနေ့ ဒေါ်လာ ၁ သိန်း ၃ သောင်း ကျော်ကို ဆရာတော်က ဒီနေ့ညနေလှူဖို့ ကပုန်းဘုန်းကြီးကျောင်းမှာ စီစဉ်ထားတယ်။” ဒါ့အပြင် နောက်ထပ် မြန်မာပြည်ပြန်မယ့်သူတွေကို  ဆက်လက်ကူညီဖို့ ဆရာတော်ကနေ သီတဂူ အထောက်အကူပြုအဖွဲ့ကို ဖွဲ့စည်းပေးလိုက်ပြီး အဲဒီအဖွဲ့ကနေတဆင့်  မလေးရှားရောက်မြန်မာတွေကို ဆက်လက် ကူညီမှာဖြစ်တယ်လို့ ဦးသီဟမောင်မောင်က ပြောပါတယ်။ မလေးရှားမှာ မေလအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံသား အနည်းဆုံး ၆ ဦး သေဆုံးပြီး လူပေါင်း ၂၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။  အဲဒီရဲ့ နောက်ဆက်တွဲအနေနဲ့ မြန်မာနိုင်ငံသားတွေရဲ့လုံခြုံမှုအရ မြန်မာပြည်ကို ပြန်ကြတာဖြစ်တယ်လို့ ရွှေလူငယ်အဖွဲ့က ကိုမျိုးက ပြောပါတယ်။ “မေလ ၃၀ ရက်ကစဖြစ်ခဲ့တာတွေကြောင့် ၆ ယောက်ဆုံးသွားတယ်။ အဖမ်းအဆီးတွေလည်း လာတယ်။ အားလုံးက ကျီးလန့်စာစားဖြစ်နေကြတယ်၊ အားလုံးက ဒါကြောင့် မနေချင်တော့ ပြန်တဲ့သူများတယ်။ အုပ်စုနဲ့ ကားနဲ့ တိုက်ခိုက်တာဆိုတော့ ဒီမှာရှိတဲ့သူတွေက ဘယ်အချိန်ရောက်လာမလဲနဲ့၊ စက်ရုံမှာ အဆောင်နဲ့ လူအများနဲ့နေတဲ့သူတွေကတော့ စိုးရိမ်စရာမရှိဘူးပေါ့၊ တယောက်တည်းနေတဲ့သူတွေကတော့ စိုးရိမ်စရာပေါ့။” ပြီးခဲ့အပတ်ကနေအခုချိန်ထိ မလေးရှားက နေပြန်မာပြည်ကို ပြန်လာသူပေါင်း ရာနဲ့ချီ ရှိပြီး နောက်ထပ်လည်းပြန်ဖို့ တင်ထားသူ ၁ ထောင်ကျော်ရှိတယ်လို့ ဦးသီဟမောင်မောင်က ပြောပါတယ်။လေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား ၃ သိန်း ကျော် အလုပ်လုပ်ကိုင်နေပြီး ၁ သိန်းကျော်သာ တရားဝင်လက်မှတ်ရှိတယ်လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024