Home
မြန်မာသတင်း
ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သည့် ကွမ်းခြံကုန်းက မိန်းကလေး ၁ ဦးကို ကွာရန်တင်းစင်တာပို့   
DVB
·
September 11, 2020
ကိုဗစ်-၁၉ လူနာအမှတ် ၁၆၄၈ နဲ့  ထိတွေ့ခဲ့တဲ့ ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်က အသက် ၁၄ နှစ်အရွယ် မိန်ကလေး တစ်ဦးကို ဒဂုံဆိပ်ကမ်းမြို့နယ် ရိုးမအိမ်ရာရှိ  facility quarantine centre သို့ စက်တင်ဘာ ၉ ရက်ည  ၁၁ နာရီလောက်က  ပို့ဆောင်လိုက်တယ်လို့ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရပါတယ်။ အဲ့ဒီမိန်းကလေးဟာ  ကွမ်းခြံကုန်းမြို့နယ်၊ ကညင်ကုန်းကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာမှာ နေထိုင်သူဖြစ်ပြီး ရန်ကင်းမြို့နယ်မှာ နေထိုင်တဲ့  ကိုဗစ်-၁၉ လူနာအမှတ် ၁၆၄၈ နဲ့ ထိတွေ့မှုရှိခဲ့တဲ့ အတွက် ကွာရန်တင်းစင်တာကို ပို့ဆောင်လိုက်တာဖြစ်ပါတယ်။  အဆိုပါ မိန်းကလေးဟာ  လူနာ ပိုးမတွေ့ခင် ဖျားနာနေချိန်ကတည်းက သီးသန့်ခွဲနေခဲ့တယ်လို့  ဆိုပါတယ်။ စက်တင်ဘာ ၅ ရက်နေ့မှာတော့ ကိုဗစ်-၁၉ လူနာအမှတ် ၁၆၄၈ ရဲ့ မိသားစုဝင်တွေ ကွာရန်တင်းဝင်တဲ့အတွက် အဆိုပါ မိန်းကလေးဟာ  အဲဒီနေ့မှာပဲ  လိုင်းကားနဲ့   ကွမ်းခြံကုန်းမြို့နယ်ရှိ နေရပ်ပြန်လာခဲ့တာပါ။ သက်ဆိုင်ရာကို လွှဲပြောင်းပေးပြီးတဲ့အတွက် အဆိုပါမိန်းကလေးဆီက ဓာတ်ခွဲနမူနာကို ဘယ်နေ့ယူမလဲဆိုတာကတော့  ကွာရန်တင်းစင်တာရဲ့ ဆုံးဖြတ်ချက်အရပဲလို့ ကွမ်းခြံကုန်း မြို့နယ် ပြည်သူ့ကျန်းမာရေးကြီးကြပ် (၁)  ဦးဝေယံစိုးဝင်းက ပြောပါတယ်။ အဆိုပါ မိန်းကလေးနဲ့အတူနေ မိသားစုဝင် ၉ ဦးရှိပြီး သူတို့အားလုံးရဲ့ ဓာတ်ခွဲနမူနာတွေကို ရယူထားပြီးဖြစ်ကာ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)ကို  ပေးပို့စစ်ဆေးသွားမယ်လို့ သိရပါတယ်။  လက်ရှိမှာ မိသားစုဝင်တွေကို လုံးဝအပြင်မထွက်အောင်  နေအိမ်မှာ ကွာရန်တင်း ထားရှိ​ထားပြီး လိုအပ်တာတွေကို ကျေးရွာက ထောက်ပံ့ပေးပါတယ်။ ထိတွေ့သူရဲ့ နေအိမ်ကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးဦးဆောင်ကာ ကျန်းမာရေး စစ်ဆေးတာတွေ၊ မိသားစုကို နေအိမ်ပြင်ပလုံးဝမထွက်ဖို့မှာ ကြားတာတွေ၊ ကြက်ခြေနီတပ်ဖွဲ့က ပိုးသတ်ဆေးဖြန်းတာတွေ ဆောင်ရွက်ထားတယ်လို့လည်း မြို့နယ်ကျန်းမာရေးဦးစီးဌာနရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ရန်ကင်းမြို့နယ်က ကိုဗစ်-၁၉ လူနာအမှတ် ၁၆၄၈ ဟာ  ရောဂါပိုးအတည်ပြုလူနာနဲ့ ထိတွေ့မှုမရှိသလို ပြည်ပခရီးသွားရာဇဝင်လည်းမရှိတဲ့ ပြည်တွင်းကူးစက်လူနာတစ်ဦးဖြစ်ပါတယ်။ သတင်း - လွင်မိုးအောင်(CJ) ကွမ်းခြံကုန်း၊  ဓာတ်ပုံ - မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024