အနုပညာရှင် ၄၀ ကျော် ပါဝင်သီဆိုထားကြသည့် “အောင်လံလွှင့်မည် NLD”သီချင်း(ရုပ်သံ)
DVB
·
September 11, 2020
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် အန်အယ်လ်ဒီပါတီ အောင်နိုင်ရေး သီချင်း တပုဒ်ဖြစ်တဲ့ -“အောင်လံလွှင့်မည် NLD”သီချင်း ထွက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဒီသီချင်းကိုတော့ တေးသံရှင် သံသာဝင်းက ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး ရက်ပ် စာသားတွေကိုတော့ တေးသံရှင် အနဂ္ဂနဲ့ ရန်ရန်ချန်းတို့က အတူဖန်တီးထားကြတာပါ။
ဒီသီချင်းထဲမှာ ပါဝင်သီဆိုထားတဲ့ အနုပညာရှင် ၄၀ ကျော်ရှိပြီး ရဲသွင်၊ ရင်ဂို၊ တူးတူး၊ စည်သူလွင်၊ ဟေမာနေဝင်း၊ မီမီဝင်းဖေ၊ ကော်နီ၊ သျှီစတဲ့ ဝါရင့်တေးသံရှင်တွေ ပါဝင်သလို ကောင်းကောင်း၊ ဖြိုးပြည့်စုံ၊ ချမ်းချမ်း၊ ခင်စုစုနိုင်၊ အိုင်ရင်းဇင်မာမြင့်တို့နဲ့ နောက်မျိုးဆက်သစ်တေးသံရှင်တွေဖြစ်ကြတဲ့ ဖြိုးမြတ်အောင်၊ မူးလာ၊ ကေကေမိုး၊ ဘီလီ လမင်းအေး၊ ချမ်းမြေ့မောင်ချိုတို့အထိ ပါဝင်နေတာကို တွေ့ရပါတယ်။
သံသာဝင်းဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းကလည်း NLD အောင်နိုင်ရေးသီချင်းတ ပုဒ်ဖြစ်တဲ့ “ခွပ်ဒေါင်းမာန်ချီ NLD” သီချင်းကို ရေးခဲ့သူ ဖြစ်ပါတယ်။
ပါတီကိုယ်စားပြု အနီရောင်ဝတ်စုံတွေနဲ့ ရိုက်ကူးထားတဲ့ “အောင်လံလွှင့်မည် NLD” သီချင်းမြူးဇစ်ဗွီဒီယိုကိုတော့ ဒါရိုက်တာ ကြည်ဖြူသျှင်နဲ့ စိုးကိုကိုစိုးတို့က ပုံဖော်ပေးထားကြတာပါ။
လတ်တလောမှာတော့ ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ကို အင်တာနက်လူမှုကွန်ရက်စာ မျက်နှာတွေပေါ်မှာ ဝင်ရောက်ကြည့်ရှုသူ၊ ပြန်လည်မျှဝေမှုတွေနဲ့အတူ ရေပန်းစားနေပါတယ်။