Home
မြန်မာသတင်း
ကယားပြည်နယ် ခရီးသည်တင်ယာဉ်အားလုံး ပြေးဆွဲမှု ယာယီရပ်ဆိုင်းမည်
နော်နိုရင်း
·
September 11, 2020
ကယားပြည်နယ်တွင်း ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်အားလုံး စက်တင်ဘာ ၁၂ ရက်နေ့ကနေ ၃၀ ရက်အထိ ပြေးဆွဲမှုယာယီရပ်ဆိုင်းဖို့ ပြည်နယ်အစိုးရက ညွှန်ကြားလိုက်ပါတယ်။  အဝေးပြေးယာဉ်လိုင်းတွေအပြင် ပြည်နယ်အတွင်း ပြေးဆွဲတဲ့ ခရီးသည်တင်ယာဉ်အားလုံး လာမယ့် စက်တင်ဘာ ၁၂ ရက်ကစပြီး ပြေးဆွဲမှုယာယီရပ်ဆိုင်းဖို့ ညွန်ကြားထားတာပါ။  အဲဒီညွှန်ကြားချက်ထဲမှာ  ခရီးသည်ပို့ဆောင်ရေး ပြည်နယ်အတွင်း အဝေးပြေး ယာဉ်လိုင်းတွေ ၁၂ ရက်မှ ၃၀ ရက်နေ့အထိ ယာယီရပ်ဆိုင်းဖို့၊  ပြည်နယ်အတွင်း ရောက်ရှိလာတဲ့  ကုန်တင်ယာဉ်တွေအနေနဲ့  သက်ဆိုင်ရာ နေရာတွေကို တိုက်ရိုက်ပို့ဆောင်ခြင်းမပြုဘဲ ကုန်တင်ယာဉ်၊ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ၂ ဦးအား လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ အထက(၆)ယာဉ်ရပ်နားစခန်းမှာ သီးသန့်ထားရှိပြီး သက်ဆိုင်ရာကုန်သည်တွေက လာရောက် သယ်ဆောင်တဲ့စနစ် ဆောင်ရွက်သွားဖို့၊ ယာဉ်နဲ့အတူ အပိုလိုက်ပါလာတဲ့ ခရီးသည်တွေရှိပါက Community Based Facility Quarantine ဝင်ရောက်သွားဖို့ ညွှန်ကြားထားပါတယ်။ ဒါ့အပြင် ရေးကြီးကုန်စည်ပို့ဆောင်ဖို့ရှိတဲ့ ကုန်တင်ယာဉ်တွေနဲ့ အရေးပေါ်သွားလာဖို့ရှိတဲ့ ယာဉ်ကြီး/ယာဉ်ငယ်အားလုံးဟာ ကန့်သတ်ချိန်အတွင်း သွားလာလိုပါက ကယားပြည်နယ်အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက် ရယူသွားလာဖို့နဲ့ ကယားပြည်နယ်အတွင်း ဝင်ရောက်လာတဲ့ ကိုယ်ပိုင်ယာဉ်ငယ်နဲ့ ဌာနဆိုင်ရာယာဉ်တွေအနေနဲ့လည်း  ယာဉ်မောင်းအပါအဝင် ၃ ဦးအထိ တင်ဆောင်ဖို့နဲ့ Quarantine ဝင်ရောက်ဖို့ ပါရှိပါတယ်။  ဒီညွှန်ကြားချက်ရရှိတာနဲ့တပြိုင်နက် ပြည်နယ်အတွင်း ယာဉ်လိုင်းပိုင်ရှင်တွေကို ခေါ်ယူပြီး ညွှန်ကြားချက်ကို အသိပေး ချပြခဲ့တယ်လို့ ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းများစနစ်တကျကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစံအေးက ဦးစံအေးက ပြောပါတယ်။  “ချပြရတဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့ ကယားပြည်နယ်မှာ ကိုဗစ်နဲ့ ပတ်သက်လာလို့ရှိရင် အခုချိန်အထိ တယောက်မှ မတွေ့သေးတဲ့အခါကျတော့ ကျနော်တို့ ခရီးသည်ပို့ဆောင်ရေး ယာဉ်အသင်းအနေနဲ့ သက်ဆိုင်ရာ အရပ်ဌာနအသီးသီးကလာတဲ့အဖွဲ့တွေကို ပါလာမှာစိုးလို့ဆိုပြီး ကျနော်က ချပြလိုက်တော့ ယာဉ်ပိုင်ရှင်တွေ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေ သက်ဆိုင်ရာကော်မီတီတွေအားလုံးကလည်း ဒီကိစ္စကို သိရှိနားလည်သွားပြီပေါ့နော်။”  ကားလိုင်းတွေ အခုလို ယာယီရပ်ဆိုင်းရတော့မှာဖြစ်တာကြောင့် အခက်အခဲဖြစ်လာနိုင်တယ်လို့ လွိုင်ကော်မြို့က ရွှေရာဇာကားလိုင်း ဂိတ်မှူး  ဦးအောင်သန်းစိန်က က ပြောပါတယ်။  “ဒီမှာ ပိတ်လို့ကတော့ အခက်အခဲအကုန်လုံးဖြစ်တာပေါ့။ ဝန်ထမ်းတွေကတော့ အကုန်လုံး အခက်အခဲဖြစ်မှာပေါ့။ သူတို့ရဲ့ဝင်ငွေမှ မရှိတော့တာကိုးနော်။” ကယားပြည်နယ်အတွင်းကို ပြည်ပနိုင်ငံကနေ ပြန်လည်ရောက်ရှိလာသူအားလုံးနဲ့ မြန်မာနိုင်ငံတွင်း မည်သည့်ဒေသမဆို ဝင်ရောက်လာသူအားလုံးလည်း  Community Based Facility Quarantine ၁၄ ရက် နေထိုင်စေပြီး ဓာတ်ခွဲနမူနာ (၁) ကြိမ် ရယူစစ်ဆေးသွားဖို့နဲ့  Home Quarantine ၇ ရက်ထားရှိ ဆောင်ရွက်သွားလို့လည်း ပြည်နယ်အစိုးရက ညွန်ကြားထားပါတယ်။  Quarantine ဝင်ရောက်သူတွေအနေနဲ့ ပြည်ပနိုင်ငံက ပြန်လာသူကလွဲရင် ပြည်တွင်းဝင်ရောက်လာသူ နိုင်ငံဝန်ထမ်းအပါအဝင်အားလုံး တစ်နေ့စားသောက်စရိတ်အဖြစ် ငွေ ၂၈၀၀ ကျပ်နှုန်းနဲ့ ၁၄ ရက်စာ စုစုပေါင်းငွေ ၃၉၂၀၀ ကျပ်ကိုလည်း   Quarantine စတင်ဝင်ရောက်တဲ့နေ့မှာ ကျခံပေးဆောင်သွားဖို့လည်း ညွှန်ကြားထားပါတယ်။  လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက “ပြည်တွင်းဝင်ရောက်လာသူအားလုံး နိုင်ငံ့ဝန်ထမ်းတွေအပါအဝင်ပေါ့။ အဲဒါတွေကကျတော့ မိမိအစီအစဉ်နဲ့ဖြစ်သွားပြီ။ တနေ့စားသောက်စရိတ် ၂၈၀၀ နှုန်းနဲ့ ၁၄ ရက်စာဆိုတော့ ၃၉၂၀၀ပေါ့။ စတင်ဝင်ရောက်တယ်ဆိုရင် ဒါလေးပေးသွင်းပြီးမှ လုပ်မှာပေါ့နော်။ ပြည်ပပြန်တွေကတော့ နဂိုအစီအစဉ်တိုင်းပဲ ကျနော်တို့ စီစဉ်ပေးမယ်။ ပြည်တွင်းပြန်တွေကျတော့ သူ့အလုပ်ကိစ္စရှိလို့ သွားတာလည်းပါတာပေါ့။ မဖြစ်မနေသွားရတဲ့ဟာလည်း ရှိကောင်းရှိနိုင်ပါတယ်။  မနေ့ကလည်း ညွှန်ကြားချက်ထွက်ထားတယ်လေ။ ပြည်သူတွေအနေနဲ့ တတ်နိုင်သမျှ ကိစ္စကြီးငယ်မရှိဘဲနဲ့ ပြင်ပကိုခရီးသွားလာခြင်းရှောင်ရှားပေးဖို့ ညွှန်ကြားချက်ထွက်ထားတာလည်းရှိပါတယ်။”လို့ ပြောပါတယ်။  ကယားပြည်နယ်အတွင်းရှိ အလည်အပတ်နေရာ ၁၁ ခုကို စက်တင်ဘာ ၉ ရက်နေ့က ယာယီပိတ်ထားလိုက်သလို နေ့စဉ်ရောင်းချနေတဲ့ ဈေးတွေကိုလည်း အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ စနေနေ့တွေသာ ဖွင့်လှစ်ဖို့ ညွှန်ကြားထားပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024