မြန်မာရွှေ့ပြောင်းကလေးများအတွက် မူလတန်းကျောင်း မဟာချိုင်တွင် ဖွင့်လှစ်မည်
နော်နိုရင်း
·
June 25, 2013
ထိုင်းနိုင်ငံမှာ မြန်မာစာ တရားဝင်သင်ကြားနိုင်ရေးနဲ့ စက်ရုံအလုပ်ရုံတွေမှာ အရွယ်မရောက်သေးတဲ့ ကလေးတွေ ၀င်ရောက် အလုပ်လုပ်ကိုင်မှု မရှိရေးအတွက် ရည်ရွယ်ပြီး ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသမှာ မြန်မာမူလတန်းကျောင်းတခု ဖွင့်လှစ်ဖို့ရှိနေပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးငယ်တွေအတွက် မဟာချိုင်ဒေသ ၀ပ်ထစ် ထိုင်းဘုန်းတော်ကြီးကျောင်းမှာ လာမယ့် ဇူလိုင် ၁ ရက်နေ့ကစပြီး မြန်မာနိုင်ငံမှာ လက်ရှိ သင်ကြားနေတဲ့ သင်ရိုးညွှန်းတန်းအတိုင်း မူလတန်းကျောင်း ဖွင့်လှစ်သင်ကြားပေးမှာ ဖြစ်ပါတယ်။
[caption id="attachment_40970" align="alignleft" width="300" caption=" မနေ့က လုံလျှန် ထိုင်းကျာင်းမှာ ဖွင့်လှစ်တဲ့ မြန်မာကလေးငယ်များအတွက် မူလတန်းကျောင်း"][/caption]
ဒီကျောင်းကို ဒေသတွင်း ဘာသာရေးအဖွဲ့တွေနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့တွေ ပူးပေါင်းတည်ထောင်တာလို့ အလုပ်သမားအရေး လုပ်ဆောင်ပေးနေတဲ့ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (HRDF) အဖွဲ့ဝင် ဦးတိုးက ပြောပါတယ်။
“အလုပ်သမားကလေးတွေ အနာဂတ် ပညာရေးဖွံ့ဖြိုးတိုးတက်ဖို့.ထိုင်းနိုင်ငံမှာ တရားဝင်မြန်မာစာသင်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်တယ်။ နောက် အလုပ်ရုံတွေမှာ ကလေးတွေ ပါဝင်ပတ်သက်မှု မရှိစေဖို့ ရည်ရွယ်ချက်။ နောက် ကလေးတွေနဲ့မိဘတွေ ဥမကွဲအသိုက်မပျက် အတူနေပြီး ပညာသင်ကြားစေနိုင်ဖို့ ရည်ရွယ်ချက်နဲ့ပါ။ မြန်မာသင်ရိုးအတိုင်း သင်မှာပါ။”
မဟာချိုင်မှာ အစိုးရမဟုတ်တဲ့ အဖွဲ့တွေဖွင့်လှစ်ထားတဲ့ ကျောင်းတွေရှိပေမယ့် မြန်မာစာနဲ့ ပတ်သက်လို့ သင်ရိုးညွှန်းတမ်း တိတိကျကျမရှိတာကြောင့် မြန်မာအစိုးရက တရားဝင်သတ်မှတ်ထားတဲ့ သင်ရိုးညွှန်းတန်းအတိုင်း သင်ကြားပေးဖို့ ဒီကျောင်းကို ဖွင့်ရတာလို့ ဆိုပါတယ်။
ဒီမူလတန်းကျောင်းကို ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးက လူမှုကူညီထောက်ပံ့မှုတွေပေးဖို့ ရှိပေမယ့် ဒီစာသင်ကျောင်း တရားဝင်ဖြစ်ဖို့ နှစ်ဖက်အစိုးရတာဝန်ရှိသူတွေ ဆွေးနွေးရဦးမယ်လို့ မြန်မာသံရုံး အလုပ်သမားရေးရာ တာဝန်ခံ ဦးကျော်ကျော်လွင်က ဒီဗွီဘီကို ပြောပါတယ်။
“လူမှုရေးအနေနဲ့ ကူညီတာပါ။ တရားဝင်ဖြစ်ဖို့က ညှိရဦးမယ်။ တွေ့ဖို့ အလားအလာရှိတယ်။ လောလောဆယ် ဖြစ်စေချင်တာက ဒီကနေ အတန်းကြီးအောင်သွားရင် ဟိုမှာ အဲအတန်းအတိုင်းဖြစ်ရမယ်ဆိုတာမျိုး ဖြစ်စေချင်တယ်။”
လက်ရှိမှာတော့ မြန်မာသံရုံးအနေနဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေရဲ့ ကလေးတွေအတွက် မှီခို ယာယီနိုင်ငံကူးလက်မှတ် လုပ်ဆောင်ပေးနေကြောင်းလည်း ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်မှာ ရွှေ့ပြောင်းမြန်မာအလုပ်သမား စာသင်ကျောင်းပေါင်း ၆၀ နီးပါး ရှိပြီး မဟာချိုင်မှာ ၁၅ ကျောင်း လောက်ရှိပါတယ်။ ဇွန်လ ၂၄ ရက်နေ့ ကလည်း မဟာချိုင်ဒေသ လုံလျှန် ထိုင်းမူလတန်းကျောင်းမှာ မြန်မာကလေးငယ်တွေ ပညာရည်မြင့်မားရေးအတွက် ရည်ရွယ်ပြီး မူလတန်းကျောင်းသစ် တကျောင်းဖွင့်လှစ်ခဲ့ပါတယ်။