ရေးမြို့နယ်၌ အမျိုးသမီး ၁ ဦးအားသတ်ပြီး ရွှေထည်ပစ္စည်းများ ယူဆောင်
DVB
·
September 10, 2020
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဒူးယားကျေးရွာ အမှတ်(၂) တောင်ပိုင်းရပ်ကွက်ရှိ နေအိမ်တအိမ်မှာ စက်တင်ဘာ ၉ ရက် မနက် ၆ နာရီက အသက် ၄၂ နှစ်အရွယ် အမျိုးသမီး တစ်ဦး အသတ်ခံရပြီး လူသတ်သမားက စိန်၊ ရွှေပစ္စည်းနဲ့ မိုဘိုင်းဖုန်းတွေ ယူဆောင်သွားတယ်လို့ ရဲအရာရှိက ပြောပါတယ်။
ဦးမြင့်စိုးရဲ့ ဇနီးဖြစ်တဲ့ သေဆုံးသူ ဒေါ်ကြည်ဝင်းဟာ အသက် ၁၃ နှစ်အရွယ် သမီး မသော်နဲ့ အသက် ၅ နှစ်ခန့်ရှိ သား မောင်မင်းသစ္စာတို့နဲ့ အတူ နေအိမ် အောက်ထပ်မှာညအိပ်နေစဉ် အသတ်ခံခဲ့ရတာဖြစ်ပါတယ်။
အခင်းဖြစ်တဲ့မနက်က သေဆုံးသူရဲ့ ခင်ပွန်း ဦးမြင့်စိုးက နေအိမ်အပေါ်ထပ်ကနေ အိပ်ရာမှ ထပြီး အိမ်အောက်ထပ်မှာ ဇနီးသေဆုံးနေတာကိုတွေ့ရှိလို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။
ဒေါ်ကြည်ဝင်းဟာ လည်ပင်းမှာ ၄ လက်မခန့် ဒဏ်ရာ ၁ ချက်၊ ဝဲဘက်နား နောက် ၅ လက်မခန့် ဒဏ်ရာ ၁ ချက် ရရှိပြီး အသတ်ခံရတာဖြစ်ပြီး လူသတ်မှုမှာ သံသယရှိသူကတော့ လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကမှ သူတို့ နေအိမ်မှာ ကားမောင်းဖို့ ရောက်ရှိနေတဲ့ အလုပ်သမား စည်သူမင်း (ခ) ထွန်းလင်းငယ်ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပြောပါတယ်။
အလုပ်သမား စည်သူမင်းမှာ စိန်လော့ကတ်သီး ၁ ခု၊ ရွှေဖြူဆွဲကြိုး ၁ ကုံး၊ ၁ ကျပ်သား ရွှေလက်ကောက် ၄ ကွင်း၊ Vivo ဖုန်း ၁ လုံး စုစုပေါင်း ကျပ် သိန်း ၉၀ နီးပါးခန့် ပစ္စည်းတွေနဲ့အတူ ယူဆောင်ပြီး ထွက်ပြေးလွတ်မြောက်နေတယ်လို့ဆိုပါတယ်။
ရေးမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ / ၃၈၁ အရ အမှုဖွင့်ထားပြီး တရားခံအား ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေး ဖော်ထုတ်ဖမ်းဆီးသွားမယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
သတင်း - နေမျိုးထွဋ် (ရေး)