ရခိုင်ကလာရောက်သူများ စက်တင်ဘာ ၁၁ ရက် နောက်ဆုံးသတင်းမပို့ပါက အရေးယူမည်
DVB
·
September 9, 2020
ရခိုင်ပြည်နယ်ကနေ နေပြည်တော်နဲ့ တခြားတိုင်းနဲ့ ပြည်နယ်တွေကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသူတွေဟာ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ကျန်းမာရေးဌာနကို စက်တင်ဘာ ၁၁ ရက် နောက်ဆုံးထားပြီး သတင်းမပို့ရင် အရေးယူမယ်လို့ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက အသိပေးထုတ်ပြန်လိုက်ပါတယ်။
သတင်းပေးဖို့ ပျက်ကွက်သူနဲ့ သတင်းကို ဖုံးကွယ်ပေးထားသူတွေကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူဆောင်ရွက်မှာ ဖြစ်ပါတယ်လို့လည်း စက်တင်ဘာ ၈ ရက်နေ့က ထုတ်ပြန်တဲ့ ဗဟိုကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရခိုင်ပြည်နယ်ကနေ ရန်ကုန်တိုင်းဒေသကြီးကို လေယာဉ်နဲ့ လာရောက်သူ ၅၄၀၉ ဦးရှိပြီး ဖုန်းနဲ့ဆက်သွယ်မှုရရှိသူ ၂၆၂၂ ဦးအနက် ၁၅၇၄ ဦးသာ သက်ဆိုင်ရာသို့ သတင်းပေးပို့နိုင်ပြီး ကျန်ရှိသူတွေက ဆက်သွယ်မရတာနဲ့ သတင်းမပေးပို့တာတွေရှိနေပါတယ်။
သက်ဆိုင်ရာကို သတင်းမပို့တဲ့ ခရီးသည်တွေရဲ့ အမည်တွေနဲ့ နေရပ်လိပ်စာတွေကိုလည်း နိုင်ငံပိုင် သတင်းစာတွေကနေ ထည့်သွင်းကြေညာထားပါတယ်။