Home
မေးမြန်းခန်း
တိုင်း(မ်)မဂ္ဂဇင်း ဖော်ပြချက် အစိုးရကန့်ကွက် – ဦးရဲထွဋ်နှင့် မေးမြန်းချက်
နေသွင်
·
June 24, 2013
တိုင်း (မ်) မဂ္ဂဇင်းက ဆရာတော် ဦးဝီရသူကို ဦးတည်ပြီး The Face Of Buddhist Terror မျက်နှာဖုံးဆောင်းပါး ရေးသားဖော်ပြချက်နဲ့ ပတ်သက်ပြီး ကန့်ကွက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ဇွန် ၂၃ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။ တိုင်း(မ်)မဂ္ဂဇင်းပါ ဖော်ပြချက်ဟာ မြန်မာနိုင်ငံသားအများစု ကိုးကွယ်ရာဖြစ်တဲ့ ဗုဒ္ဓဘာသာနဲ့ သာသနာတော်အပေါ် အထင်အမြင်လွဲမှားစေပြီး လက်ရှိ ဆောင်ရွက်နေတဲ့ ဘာသာပေါင်းစုံတို့အကြား အပြန်အလှန် ယုံကြည်မှုတည်ဆောက်နေခြင်းကိုလည်း ထိခိုက်စေနိုင် တာကြောင့် ကန့်ကွက်တယ်လို့ ရေးသားဖော်ပြထားပါတယ်။ [caption id="attachment_29680" align="alignright" width="300" caption="ဦးရဲထွဋ်"][/caption] “၉၆၉” အမှတ်တံဆိပ်ဟာ ရတနာသုံးပါးကို ရည်ညွှန်းတဲ့  သင်္ကေတ အမှတ်တံဆိပ် ဖြစ်ပြီး ငြိမ်းချမ်းရေးသင်္ကေတဖြစ်တဲ့ အားလျော်စွာ ဗုဒ္ဓသာသနာတော်ကို ညှိုးနွမ်းစေနိုင်မည့် နေရာဌာနနဲ့ ကိစ္စများမှာ  အသုံးမပြုဖို့ သက်ဆိုင်ရာသံဃာ့အဖွဲ့အစည်းများက အလေးထား မေတ္တာရပ်ခံလျက်ရှိနေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ၀န်ကြီး ဦးရဲထွဋ်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ တိုင်း(မ်) မဂ္ဂဇင်းဖော်ပြချက်ဟာ အစိုးရတရပ်ရဲ့ သမ္မတရုံး ကန့်ကွက်ရတဲ့အထိ ဘယ်လောက်အကျိုးသက်ရောက်မှုတွေ ရှိနေတယ်လို့ သမ္မတရုံးက သုံးသပ်ပါသလဲ။ “သူက အထူးသဖြင့် မျက်နှာဖုံးမှာ ကျနော်တို့ ဗုဒ္ဓဘာသာနဲ့ အကြမ်းဖက်မှု တွဲဖက်ပြီးတော့ ဖော်ပြထားတယ်။ နောက် ဆောင်းပါးထဲမှာပါတဲ့ ရေးသားဖော်ပြချက်တချို့ဟာလည်း တဖက်သတ်အမြင်ကိုပဲ ရေးသားထားတာကြောင့် ဗုဒ္ဓသာသနာတော်အပေါ်ကို နိုင်ငံတကာက အထင်မြင်လွဲမှားမှုတွေ ဖြစ်နိုင်တယ်။ ဒီဆောင်းပါးကို အကြောင်းပြုပြီး ပြည်တွင်းမှာ ဆောင်ရွက်နေတဲ့ ဘာသာပေါင်းစုံတို့အကြား အပြန်အလှန်ယုံကြည်မှု တည်ဆောက်နေတဲ့ လုပ်ငန်းစဉ်ကိုလည်း ထိခိုက်နိုင်တယ်။ ဒါကြောင့် ကျနော်တို့ ကန့်ကွက်ရခြင်းဖြစ်ပါတယ်။” တိုင်း(မ်)ကို တရားဝင် ကန့်ကွက်သွားဖို့ အစီအစဉ်ရှိပါသလား။ “ပထမအဆင့်အနေနဲ့ ကျနော်တို့ရဲ့ သဘောထားအမြင်ကို ၀က်ဘ်ဆိုဒ်မှာ ထုတ်ပြန်တဲ့အဆင့်ပဲ ရှိပါသေးတယ်။” ကြေညာချက်မှာ ၉၆၉ နဲ့ ပတ်သက်ပြီး ရေးထားတာ တွေ့ရပါတယ်။ ဗမာပြည်မှာ တချို့သံဃာတွေက တဘာသာနဲ့တဘာသာအကြား နားလည်မှုလွဲအောင် ဘာသာရေး လှုံ့ဆော်တာတွေ ရှိတယ်ဆိုတာမျိုးလည်း ပြည်တွင်းမှာရော၊ ပြည်ပမှာရော ဝေဖန်တာတွေ ရှိပါတယ်။ အဲဒီအပေါ်မှာ သမ္မတရုံးက ဘယ်လိုသဘောထားပါလဲ။ “ကျနော်တို့အနေနဲ့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၂ မှာ ပြဋ္ဌာန်းထားတဲ့အတိုင်းပဲ လူတိုင်းက မိမိချစ်ခင်မြတ်နိုးတဲ့ ဘာသာတွေကို ကိုးကွယ်နိုင်တယ်။ ဗုဒ္ဓဘာသာအပြင်၊ ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ်၊ နတ်ကိုးကွယ်တဲ့ ဘာသာတွေ အားလုံးကိုလည်း နိုင်ငံတွင်းမှာ ကိုးကွယ်နိုင်တဲ့ ဘာသာတွေအဖြစ် အသိအမှတ်ပြုထားပါတယ်။ ဒါကြောင့် လူတိုင်းဟာ မိမိဘာသာကို မိမိ ဥပဒေနဲ့အညီ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတယ်။ တဖက်ကလည်း မိမိအမြင်ကို မိမိ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့် ရှိတယ်။ သို့သော် တခြားဘာသာတခုကို အကြမ်းဖက်ဖို့ လှုံ့ဆော်တာမျိုး၊ တိုက်ခိုက်တာမျိုးကိုတော့ ကျနော်တို့ လက်မခံပါဘူး။” ပြည်တွင်းမှာရှိနေတဲ့ကိစ္စတွေကိုရော ဘယ်လိုအရေးယူဆောင်ရွက်ဖို့ ရှိပါလဲ။ “သံဃာတွေရဲ့ပြောကြားချက်နဲ့ ပတ်သက်လို့ ဝေဖန်သုံးသပ် ဆုံးဖြတ်ပေးရမှာက သံဃမဟာနာယကအဖွဲ့အစည်းဖြစ်ပါတယ်။ ဒီကနေ့တော့ သံဃာတော်တွေက မိမိဘာသာတရားကို မြှင့်တင်နိုင်ဖို့ အယူအဆအမျိုးမျိုးနဲ့ ဟောပြောတာတွေ ရှိတယ်။ ဟောပြောနေတဲ့ အယူအဆတွေဟာ အကြမ်းဖက်ဖို့၊ အကြမ်းဖက်နေပါတယ်ဆိုပြီး သံဃမဟာနာယကအဖွဲ့ကို လျှောက်ထားတာမျိုး မကြားမိသေးဘူး။” သမ္မတရုံးက ဒီကိစ္စနဲ့ ပတ်သက်လို့ ပြည်တွင်းမှာ ဟောပြောနေတာတွေက စိုးရိမ်စရာ အခြေအနေတရပ်မရှိသေးဘူးလို့ သုံးသပ်ပါလား။ “သမ္မတကြီးမိန့်ခွန်းထဲမှာလည်း ပါတယ်။ အသွင်ကူးပြောင်းရေးကာလဖြစ်လို့ ဒီမိုကရေစီ ကျင့်သုံးခွင့်ပေးရမယ်။ တဖက်ကလည်း အကြမ်းဖက်တာတွေ၊ သူများစော်ကားတာတွေ မဖြစ်အောင် ကာကွယ်ရမယ်။ ဒီလိုမျိုးဖြစ်အောင် ဘာသာတခုနဲ့တခုကြား အပြန်အလှန်နားလည်မှုတည်ဆောက်ရမယ်။ မိမိဘာသာကိုပြောတာသည် ဘယ်ဘာသာကို ထိခိုက်မယ်၊ မထိခိုက်ဘူး။ ဘာကိုရှောင်ရမယ်၊ မရှောင်ရဘူးဆိုတာ သိမှာဖြစ်တယ်။ ကျနော်တို့ ဒီကနေ့လုပ်နေတာသည် ဘာသာပေါင်းစုံကြား အပြန်အလှန်ဆွေးနွေးပွဲတွေ၊ တယောက်နဲ့ တယောက် သူ့အမြင်ကိုယ့်အမြင်ဖလှယ်တာတွေ ဦးစားပေးဆောင်ရွက်တယ်။ ဒါကြောင့် နားလည်မှုလွဲမှားနိုင်တဲ့ကိစ္စတွေကို အလေးအနက်ထားတယ်။ ဒါကြောင့် ဘာသာပေါင်းစုံညီညွတ်ရေးကိစ္စကို အလေးထားလုပ်နေတာဖြစ်တယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024