မိုင်းတုံတွင် အသက် ၁ နှစ်မှ ၁၅ နှစ်ကြား ကလေး ၁ သောင်းကျော်ကို ကာကွယ်ဆေးထိုးနှံ
DVB
·
September 6, 2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်မှာ ဆုံဆို့ရောဂါဖြစ်ပွားနေသူ ကလေး အယောက် ၃၀ ကို စစ်ဆေးတွေ့ရှိပြီးနောက် အသက် ၁ နှစ်ကနေ ၁၅ နှစ်ကြားရှိ ကလေး ၁ သောင်းကျော်ကို စက်တင်ဘာ ၆ ရက်က စတင်ပြီး အမီလိုက်ကာကွယ်ဆေးထိုးပေးသွားမှာ ဖြစ်ပါတယ်။
မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသက်ခိုင်မင်းက “အသက် ၁ နှစ်ကနေ ၇ နှစ်အတွင်းရှိ ကလေးငယ်တွေကို ပိုလီယို အစက်ချဆေး (OPV) တိုက်ကျွေးတာ၊ ဆုံဆို့/မေးခိုင် ကာကွယ်ဆေး(DT) နဲ့ ဝက်သက်၊ ဂျိုက်သိုး(MR) ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို အဓိကထား ဖော်ထုတ်ဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး အသက် ၇ နှစ်မှ ၁၅ နှစ်ကြား ကလေးတွေကိုလည်း OVP,Td နဲ့ MR အလားတူ စိစစ်ထိုးနှံပေးခဲ့တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ကာကွယ်ဆေးထိုးမှတ်တမ်း ပြသနိုင်ပြီး နောက်ဆုံးဆေးထိုးကာလ ၅ နှစ်မပြည့်သေးသူတွေကို ထိုးနှံပေးခြင်းမပြုတော့ဘဲ မှတ်တမ်းမပြသနိုင်တဲ့ ကလေးတွေကို ၁ လ ၁ ကြိမ်နဲ့ သုံးလ ဆက်တိုက်ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့က စတင်ကာ ဆုံဆို့ရောဂါ ဖြစ်ပွားသေဆုံးမှုတွေ ရှိခဲ့တာကြောင့် မိုင်းတုံမြို့နယ်အတွင်း ကျန်းမာရေးစိစစ်မှုများ ဆောင်ရွက်ခဲ့တာပါ။
ဆုံဆို့ရောဂါဖြစ်ပွားနေတဲ့ အသက် ၅ နှစ်မှ ၂၃ နှစ်ကြား အယောက် ၃၀ ဦးကို ကုသမှုပေးခဲ့ရာ ၂၅ ဦး ရောဂါသက်သာပျောက်ကင်းလို့ ဆေးရုံက ဆင်းသွားပြီး ၅ ဦးကို ဆက်လက်ကုသပေးနေတယ်လို့ သိရပါတယ်။
သတင်း - အောင်ဇေယျ