ကျောက်ဖြူမြို့နယ်တွင် ညမထွက်ရအမိန့်ချိုးဖောက်သူ ၃ ဦးကို ထောင်ဒဏ် ၁ လစီချမှတ်
DVB
·
September 5, 2020

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ ညမထွက်ရအမိန့် ချိုးဖောက်သူ ၃ ဦးကို ဖမ်းဆီးတရားစွဲဆိုပြီး ထောင်ဒဏ် ၁ လ ချမှတ်ခဲ့တယ်လို့ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
စက်တင်ဘာ ၃ ရက်နေ့က ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစီးတဲ့အဖွဲ့၊ မြို့မရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့အဖွဲ့တို့က ကျောက်ဖြူမြို့အတွင်း လှည့်လည်စစ်ဆေးရာမှာက ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။
ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးက “ကျနော်တို့က ညမထွက်ရအမိန့်စထုတ်ပြီးနောက် ညစဉ် ရဲတပ်ဖွဲ့ရယ်၊ သက်ဆိုင်ရာရပ်ကွက်ရေးမှူးတွေနဲ့ ပူးပေါင်းပြီးတော့ မြို့ကို ကင်းလှည့်စစ်ဆေးတာပေါ့။ အဲဒီမှာ ဟိုတစ်နေ့ညမှာ ညမထွက်ရအမိန့်ချိုးဖောက်သူ ၃ ဦးကို ဖမ်းဆီး အရေးယူခဲ့တယ်။ ကျနော်က တရားလိုလုပ်ပြီးတော့ ကျောက်ဖြူမြို့နယ်တရားရုံးမှာ တရားစွဲဆိုတော့ တရားရုံးက ထောင်ဒဏ် ၁ လစီ ချမှတ်လိုက်တယ်။ အမှန်တကယ် ကျန်းမာရေးမကောင်းလို့ သွားလာနေတဲ့သူတွေကိုတော့ ကျနော်တို့က လိုအပ်ရင် လိုအပ်သလို ကူညီဆောင်ရွက်ပေးသွားမှာပါ” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ သြဂုတ်လကစတင်ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ တဖြည်းဖြည်းနဲ့ တိုးလာနေတာကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးကို စက်တင်ဘာ ၂ ရက်နေ့က စတင်ပြီး ည ၉ နာရီကနေ မနက် ၄ နာရီအတွင်း အသွားအလာတွေ မလုပ်ဆောင်ဖို့ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ထားပါ။
ရခိုင်ပြည်နယ်မှာ ဒီနေ့အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၀၀ ကျော်ရှိပြီလို့ သိရပါတယ်။
နောင်နောင်