Home
မြန်မာသတင်း
လူနာအမှတ် ၁၁၄၂ ရခိုင်ကပြန်လာပြီး ရန်ကုန်တွင် Quarantine ဝင်နေသူဖြစ်
DVB
·
September 5, 2020
လူနာအမှတ် ၁၁၄၂ ဟာ ရခိုင်က ပြန်လာပြီး ရန်ကုန်မှာ Quarantineဝင်နေသူဖြစ်ပြီး ထိတွေ့ခဲ့သူတွေ မရှိဘူးလို့ ပုသိမ် တိုင်းဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်က ပြောပါတယ်။ “ပိုးတွေ့လူနာ လိပ်စာတော့ ပုသိမ်လိပ်စာ ပေးထားတာပေါ့။ လူနာက ရခိုင်ကနေ ပြန်လာတယ်။ ပြန်လာပြီးတဲ့နောက်မှာ ရန်ကုန်မှာ Quarantine Center ထည့်လိုက်တယ်။ Swab ယူပြီး positive ထွက်တာ။” ပြည်သူတွေ Social Distancing ပျောက်နေတာ အန္တရာယ်များပြီး တွေ့ရှိတဲ့ ပိုးတွေ့လူနာတွေဟာ ခရီးသွားတာ၊ အလည်အပတ်သွားတာတို့ကနေ ကူးစက်လာတာကြောင့် မလိုအပ်ဘဲ ခရီးမသွားကြဖို့ ဒေါက်တာသန်းမင်းထွဋ်က တိုက်တွန်းပါတယ်။ “ဒုတိယလှိုင်းက ပထမလှိုင်းနဲ့မတူဘူး။ ရန်သူက အပြင်ကလာတာ။ အပြင်ကလာတော့ ခြံစည်းရိုးကို လုံအောင်ကာထားရင် ဝင်စရာမရှိဘူး။ အခုက ကိုဗစ်က အတွင်းစည်းထဲ ရောက်နေပြီး နောက်ကျောနားကို ကပ်နေတော့ တကယ်တမ်း သတိပြုဖို့ လိုပါတယ်။” ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ဆေးရုံနဲ့ မြောင်းမြဆေးရုံတို့မှာ ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနိုင်တဲ့စက်တွေနဲ့ သြဂုတ်လကုန်က စတင်စစ်ဆေးနေတာပါ။ ပုသိမ်ဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးတာ ၅၄ ယောက်ရှိပြီဖြစ်ပြီး လူနာအမှတ် ၁၁၄၂ ကတော့ ပုသိမ်ဆေးရုံမှာ စစ်ဆေးတာမဟုတ်ဘူးလို့ သိရပါတယ်။ ဧရာဝတီတိုင်းမှာ ကိုဗစ်-၁၉ လူနာတွေကို ကုသဖို့ ပုသိမ်ဆေးရုံ ခုတင် ၂၀၊ ဖျာပုံဆေးရုံ ၁၄ ခုတင်၊ မအူပင်ဆေးရုံ ၁၂ ခုတင်၊ လပွတ္တာဆေးရုံ ၈ ခုတင်၊ ဟင်္သာတဆေးရုံ ၆ ခုတင်နဲ့ မြောင်းမြဆေးရုံမှာ ၄ ခုတင် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ Stay at Home ကြေညာထားတဲ့ မြို့နယ်တွေကနေ ဧရာဝတီတိုင်းကို လာရောက်သူတွေကို Quarantine ၂၁ ရက်ထားရှိပြီး ကိုဗစ် ရှိ၊ မရှိ စစ်ဆေးသွားမယ်လို့ တိုင်းအစိုးရရုံးက သိရပါတယ်။ စည်သူမောင်မောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024