တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် အကျဉ်းသား ၅၅ ဦး လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွတ်
ပိုင်စိုး
·
September 5, 2020
ပြီးခဲ့တဲ့ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သူ အကျဉ်းသားတွေကို နိုင်ငံတော်သမ္မတက ပြစ်ဒဏ်က လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့တာကြောင့် ၅၅ ယောက်ဟာ ဒီနေ့ ပြန်လွတ်မြောက်ခဲ့ပါတယ်။
၂၀၁၈-၁၉ ပညာသင်နှစ်နဲ့ ၂၀၁၉-၂၀ ပညာသင်နှစ်တို့မှာ တက္ကသိုလ်ဝင်တန်းကို အကျဉ်းထောင်တွေထဲက ဖြေဆိုအောင်မြင်ခဲ့သူတွေကို ချီးမြှင့်တဲ့အနေနဲ့၊ လူမှုရေးအရ ငဲ့ညှာတဲ့အနေနဲ့၊ နိုင်ငံတော်ရဲ့စေတနာကို နားလည်ကြပြီး ပြင်ပမှာ တက္ကသိုလ်ပညာတွေ ဆက်လက်သင်ကြားနိုင်ရေး ရှေးရှုပြီး ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နိုင်ငံတော်သမ္မတက ပြစ်ဒဏ်ကနေ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့တာဖြစ်ပါတယ်။
အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်နိုင်က “ဒီ ၂ နှစ် အောင်မြင်ခဲ့သူတွေထဲက တချို့ကတော့ လွတ်ပြီးသွားပြီ။ အခုကျန်နေတာက ၁၂၁ ယောက်။ သူတို့ကို လျှော့ရက်တွေ ပေးလိုက်တော့ ဒီနေ့ပဲ ၅၅ ယောက်က လွတ်မြောက်သွားပါတယ်” လို့ ပြောပါတယ်။
လွတ်မြောက်သွားသူတွေထဲမှာ ၄ ဘာသာဂုဏ်ထူးရှင် ၁ ယောက်၊ ၃ ဘာသာဂုဏ်ထူးရှင် ၇ ယောက်၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၂၂ ယောက်၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၁၀ ယောက်နဲ့ ရိုးရိုးအောင်မြင်ခဲ့သူ ၁၅ ယောက်ပါပါတယ်။
မလွတ်မြောက်သေးဘဲ လျှော့ရက်ပဲရခဲ့သူ ၃၈ ယောက်ရှိပြီး ဂုဏ်ထူး ၂ ဘာသာနဲ့အထက်ရသူ ၂ ယောက်၊ ၁ ဘာသာဂုဏ်ထူးရသူနဲ့ ရိုးရိုးအောင် ၃၆ ယောက်ပါပါတယ်။
ဦးရဲရင့်နိုင်က “လျှော့ရက်ပေးလို့ လွတ်သွားကြတာပါ။ တချို့ကတော့ မလွတ်နိုင်သေးတာကြောင့် လျှော့ရက်ပဲ ရတာပေါ့။ လျှော့ရက်ပေးတာမှာလည်း တဖက်သား နစ်နာစေတဲ့ အမှုကျူးလွန်ထားသူတွေ မပါပါဘူး။ ဥပမာ- လူသတ်မှုတို့၊ မုဒိမ်းမှုတို့ပေါ့။ ပြီးတော့ မူးယစ်ဆေးမှာဆိုရင်လည်း အပြားရေများတဲ့သူတွေ မပါပါဘူး” လို့ ပြောပါတယ်။
၂၀၁၉-၂၀ ပညာသင်နှစ်မှာ အကျဉ်းထောင်တွေထဲကနေ တက္ကသိုလ်ဝင်တန်းဖြေဆိုပြီး ၄ ဘာသာနဲ့ ၃ ဘာသာ ဂုဏ်ထူးရှင် ၁၂ ယောက်အပါအဝင် ဂုဏ်ထူးရသူ ၇၈ ယောက်ရှိပြီး စုစုပေါင်းအောင်မြင်သူ ၁၀၈ ယောက်ရှိပါတယ်။