မိတ္ထီလာတွင် ညမထွက်ရအမိန့် ဖောက်ဖျက်သူ ၄ ဦးကို အလုပ်မဲ့ ထောင်ဒဏ် ၁ လစီချမှတ်
DVB
·
September 5, 2020
မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ မိတ္ထီလာကန်တံတားအနီးမှာ စက်တင်ဘာ ၄ ရက်မနက် ၂ နာရီက ညမထွက်ရ ဒေသန္တရအမိန့်အား ဖောက်ဖျက်ပြီး သွားလာနေသူ ၄ ဦးကို မြို့နယ်တရားရုံးက အလုပ်မဲ့ ထောင်ဒဏ် ၁ လစီ ချမှတ်လိုက်ပါတယ်။
ခရိုင်မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ မြို့မရဲစခန်းတို့ ပူးပေါင်းပြီး လှည့်ကင်းတာဝန်ထမ်းဆောင်နေစဉ် မိတ္ထီလာကန်တံတားအနီးမှာ ညမထွက်ရ ဒေသန္တရအမိန့်ကို ဖောက်ဖျက်သွားလာနေတဲ့ စံလင်း အပါအဝင် ၄ ဦးကို တွေ့ရှိတာကြောင့် အရေးယူခဲ့တာပါ။
ခရိုင်မှုခင်းနှိမ်နင်းရေးဌာန ရဲအုပ်အောင်ကျော်မိုးက “ဟုတ်ပါတယ်၊ ညမထွက်ရ ဒေသန္တရအမိန့် ဖောက်ဖျက်သူ ၄ ဦးကို ကန်ကူးတံတားအနီးမှာ လှည့်ကင်းလှည့်နေတုန်း တွေ့လို့ အရေးယူလိုက်ပါတယ်” လို့ ပြောပါတယ်။
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးစိုးသန်းက “ည ၁၂ နာရီနောက်ပိုင်း သွားလာသူတွေကို ပညာပေးအနေနဲ့ လုပ်ဆောင်တာပါ။ စည်းကမ်းလိုက်နာအောင် လုပ်ဆောင်တဲ့ သဘောပါ” လို့ ပြောပါတယ်။
ညမထွက်ရ ဒေသန္တရအမိန့်အား ဖောက်ဖျက်ကျူးလွန်ကြတဲ့ စံလင်း အပါအဝင် ၄ ဦးကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက ရာဇသတ်ကြီးပုဒ်မ ၁၈၈ (ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန်ထားသာအမိန့်အား ဖီဆန်ခြင်း) နဲ့ တရားရုံးဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုခဲ့ပြီး မိတ္ထီလာမြို့နယ်တရားရုံးက အလုပ်မဲ့ ထောင်ဒဏ် ၁ လစီချမှတ်ခဲ့တာပါ။
သတင်း - မောင်မောင်လင်း