ဂျပန်တွင် အခက်အခဲကြုံနေသည့် မြန်မာနိုင်ငံသား ၁၄၃ ဦးကို ပြန်ခေါ်
DVB
·
September 4, 2020
ဂျပန်နိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၄၃ ဦးနဲ့ မြန်မာနိုင်ငံအတွင်း အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေမှာ တာဝန်ထမ်းဆောင်မယ့် ဂျပန်ပညာရှင်/ ကျွမ်းကျင်သူတွေအပါအဝင် စုစုပေါင်း ၁၉၃ ဦးကို မနေ့က ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံတကာခရီးသည်တင် လေယာဉ်တွေ ပျံသန်းမှု ယာယီရပ်ဆိုင်းထားတာကြောင့် ဂျပန် နိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၄၃ ဦးကို တိုကျိုမြို့၊ နာရီတာ အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ANA ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည် ခေါ်ဆောင်ခဲ့ပြီး မနေ့ညနေ ၅ နာရီမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ကယ်ဆယ်ရေးလေယာဉ်မှာ ဂျပန်နိုင်ငံအစိုးရရဲ့ ODA/JICA အကူအညီနဲ့ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ သီလဝါ အထူးစီးပွားရေးဇုန်စီမံကိန်း၊ ရန်ကုန်အထူးကုဆေးရုံကြီး စီမံကိန်း၊ မကွေး ဆေးရုံတည်ဆောက်ရေးစီမံကိန်း၊ ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ ပဲခူးတံတားတည်ဆောက်ရေး စီမံကိန်း၊ အရှေ့- အနောက်စီးပွားရေး စင်္ကြန်စီမံကိန်း၊ ရန်ကင်းမြို့နယ် ဆောက်လုပ်ရေးစီမံကိန်း၊ ဒဂုံမြို့သစ် ဆောက်လုပ်ရေးစီမံကိန်း၊ တိုယိုတာစက်ရုံ တည်ဆောက်ရေးစီမံကိန်း၊ သီလဝါ သံမဏိစက်ရုံ တည်ဆောက်ရေးစီမံကိန်းတို့မှာ တာဝန်ထမ်းဆောင်ကြမယ့် ဂျပန်ပညာရှင်/ ကျွမ်းကျင်သူတွေနဲ့ ရန်ကုန်မြို့၊ ဂျပန်သံရုံးက ဝန်ထမ်း စုစုပေါင်း အယောက် ၅၀ လည်း လိုက်ပါသွားကြတယ်လို့ ဆိုပါတယ်။
သူတို့အားလုံးကို ကျန်းမာရေးစိစစ်ပြီး ၂၁ ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက တာဝန်ယူ ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံမှာ အခက်အခဲကြုံနေတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ခေါ်ခဲ့တာ ၆ ကြိမ်ရှိပြီလို့ သိရပါတယ်။