Home
မြန်မာသတင်း
ဝန်ကြီးချုပ်ကို တာဝန်မှရပ်စဲနိုင်မှု ကယားပြည်သူများ၏ အောင်မြင်မှုဖြစ်ဟု ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌပြော
နော်နိုရင်း
·
September 3, 2020
ကယားပြည်နယ်ဝန်ကြီးချုပ်ကို တာဝန်ကနေ ရပ်စဲနိုင်ခဲ့တဲ့ဖြစ်စဉ်ဟာ  ကယားပြည်နယ်လွှတ်တော်နဲ့ မဲထည့်တဲ့ပြည်သူတွေရဲ့ အောင်မြင်မှုဖြစ်တယ်လို့ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ  ဦးလှထွေးက ပြောပါတယ်။ “ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မှ ကျနော်အပျော်ဆုံးပါပဲ။" ......" ဒါကကယားပြည်နယ်လွှတ်တော်ရဲ့ အောင်မြင်မှု။ ကယားပြည်နယ်သူ ပြည်နယ်သားတွေရဲအောင်မြင်မှုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ပြည်သူ့အသံ လွှတ်တော်အသံလေ။ ဆိုတော့ အားလုံးရဲ့ ကယားပြည်နယ်လွှတ်တော်ရယ်၊ ကယားပြည်နယ်လွှတ်တော်မှာ တကယ့်ပြည်သူတွေ မဲထည့်လာတဲ့ ကိုယ်စားလှယ်တွေရယ် ၊ မဲထည့်တဲ့ ပြည်သူတွေရဲ့ အောင်မြင်မှုလို့ ပြောလိုပါတယ်။” လက်ရှိ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ဝန်ကြီးချုပ်ရာထူးတာဝန်ကနေ ရပ်စဲလိုက်ပြီး စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို အား ခေတ္တဝန်ကြီးချုပ် တာဝန်ပါ ပူးတွဲတာဝန်တွေ ထမ်းဆောင်ဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က စက်တင်ဘာ ၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၃၊ ပုဒ်မခွဲ (၅) ပုဒ်မခွဲငယ်(၂)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၈၀ နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့ ဥပဒေပုဒ်မ ၅၅ တို့ပါ ပြဋ္ဌာန်းချက်တွေအရ   တာဝန်မှရပ်စဲခဲ့တာပါ။ တာဝန်ရပ်စဲကြောင်း သမ္မတရုံးက ပေးပို့တဲ့စာကို ဒီနေ့ မွန်လွဲ ၂ နာရီလောက်က ရရှိပြီး ဒီဖြစ်စဉ်ကို နိုင်ငံတော်သမ္မတက  မှန်မှန်ကန်ကန် လုပ်ဆောင်ပေးခဲ့တယ်လို့ ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေးက ပြောပါတယ်။ “ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သမ္မတက မှန်မှန်ကန်ကန်လုပ်ပေးခဲ့တဲ့တယ်။ သမ္မတရုံးကလေ။ အခုလည်း မှန်မှန်ကန်ကန်လုပ်ပေးမယ်ဆိုတာ ကျနော်ယုံကြည်တဲ့အတွက် ဖြစ်လာပါတယ်။” ရာထူးကနေ ရပ်စဲခံရတဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကတော့ သမ္မတရဲ့ ဆုံးဖြတ်ချက်ကို ကျေနပ်ကြောင်း ပြောပါတယ်။ “ကျနော်တို့အကြီးအကဲဖြစ်တဲ့ သမ္မတကြီးရဲ့စီမံမှု လုပ်ဆောင်မှုကို ကျေနပ်ပြီးသားပါ။ ” ပြည်နယ်ဝန်ကြီးချုပ် ရဲ့ လုပ်ငန်းတွေကို ခေတ္တဝန်ကြီးချုပ်ဆီကို စက်တင်ဘာ ၃ ရက် နေ့လည် ၃ နာရီမှာ လွဲပြောင်းပေးခဲ့တယ်လို့လည်း ဦးအယ်ဖောင်းရှိုက ပြောပါတယ်။ “ခတ္တတာဝန်ထန်းဆောင်မယ့် ဝန်ကြီးချုပ်ထံ အလွှဲအပြောင်းလုပ်တာပေါ့။ စာရင်းဇယား တွေကတော့ အတွင်းရေးမှူးနဲ့ဆက်လုပ်မှာပေါ့။ ဝန်ကြီးချုပ်ဆက်လုပ်ရမှာပေါ့။ သူ့အတွက်က စိမ်းတာမှမဟုတ်တာ။ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဆိုတာ အစိုးရအဖွဲ့ဝင်ဝန်ကြီးလည်း ဖြစ်ခဲ့ပြီးသားလေ။ သူ့မှာ အတွေ့အကြုံလည်း အများကြီး ရှိထားပြီးသားလေ။ အရှိန်အဝါရှိတဲ့ လူတယောက်က ဝန်ကြီးချုပ်တာဝန်ကို ပူးတွဲပေးအပ်တာကို ကျေနပ်တယ်။ သူအကောင်းဆုံး ဆောင်ရွက်သွားနိုင်မယ်။” ခတ္တဝန်ကြီးချုပ်အဖြစ် တာဝန်ခန့်အပ်ခံရတဲ့ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို ကတော့ပေးအပ်ထားတဲ့တာဝန်ကို ကိုယ်စွမ်းရှိသမျှလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ “ဝန်ကြီးချုပ်တာဝန်ကို နိုင်ငံတော်သမ္မတက ပေးအပ်တဲ့နေရာမှာ ကျနော် ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ ကြိုးစားမယ်လို့ ကျနော်အဲလိုပဲခံယူပါတယ်။ ကျနော်အဓိက ပြည်နယ်ဖွံ့ဖြိုးရေးကို လုပ်ဆောင်သွားမှာပါ။ ” ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ပြီးခဲ့တဲ့အစိုးရလက်ထက်က ဝယ်ယူထားတဲ့ စက်ယန္တရားကြီး ၁၈ စီးကို အခု ပြည်နယ်အစိုးရက အငှားချပြီး သုံးစွဲတယ်လို့ စွပ်စွဲထားသလို ကယားဒေးကျင်းပရေးမြေနေရာကို ပြည်နယ်လွှတ်တော်က အတည်ပြု ထားပေမယ့် ဝန်ကြီးချုပ်က မြေအငှားစာချုပ်တွေနဲ့ချပြီး လုပ်ကိုင်ဆောင်ရွက်နေတဲ့အပေါ် စွပ်စွဲပြစ်တင်ကာ စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဩဂုတ် ၁၄ ရက်နေ့က အဖွဲ့ဝင် ၅ ဦးနဲ့ ဖွဲ့စည်းခဲ့ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့က ဝန်ကြီးချုပ်ကို ကိုယ်တိုင်ချေပဖို့ အတွက် ၄ ကြိမ် ဆင့် ခေါ်ခဲ့ပေမယ့် လာရောက်ဖြေရှင်းခြင်းမရှိဘဲ ကိုယ်စားလွှတ်ပြီး စုံစမ်းစစ်ဆေးမှုကို ခံယူခဲ့တာပါ။ အဲဒီစုံစမ်း စစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင် ၁ ဦးတို့က တိုင်တန်းသူ ကိုယ်တိုင်ဖြစ်တဲ့အတွက်ကြောင့် စုံစမ်းစစ်ဆေးမှုက မှန်ကန်တဲ့ စစ်ဆေးမှုမဖြစ်နိုင်ဘူးလို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုက စက်တင်ဘာ ၁ ရက် လွှတ်တော် အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။ သူ့အပေါ် စွပ်စွဲပြစ်တင်တဲ့ အဆိုကိုတော့ စက်တင်ဘာ ၁ ရက်နေ့က ကျင်းပတဲ့ ကယားပြည်နယ်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ပြီး ထောက်ခံမဲ ၁၆ မဲနဲ့ လွှတ်တော်က အတည်ပြုပေးခဲ့ပါတယ်။ ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေးကတော့ သူအနေနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဥပဒေနဲ့အညီ ဖွဲ့စည်းပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်ကို မယ်စဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးကိုယ်တိုင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံတိုင်တန်းခဲ့ဖူးပြီး ကော်မရှင်က အကျုံးမဝင်ကြောင်း စာပြန်ခဲ့တယ်လို့လည်း  ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ဦးအောင်နိုင်ဦး တိုင်ကြားတဲ့ ကိစ္စကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းတဲ့အခါမှာ စက်ယန္တရား ကိစ္စကို အဂတိကော်မရှင်ကို ပို့တော့ပို့ခဲ့ပြီး မှတ်တော့ မမှတ်မိတော့လို့ ရှာကြည့်မှရမယ်လို့ ပြောပါတယ်။ ကယားပြည်နယ်ဝန်ကြီးချုပ်နဲ့ ပတ်သက်ပြီး တိုင်းကြားမှု ရှိမရှိ  အဂတိလိုက်စားမှုကော်မရှင်ထံ မေးမြန်းကြည့်တဲ့အခါမှာ   တိုင်စာမရှိဘူးလို့  ဒီဗွီဘီကို ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024