Home
ဆောင်းပါး
ဘွားခနဲ ပေါ်ထွက်လာပြီဖြစ်တဲ့ ဗိုလ်ချုပ်ဟောင်းတွေရဲ့ ပီအာရ် အကြံအစည်
DVB
·
June 20, 2013
အခုရက်ပိုင်း လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပီအာရ် လို့ခေါ်တဲ့ အချိုးကျ ကိုယ်စားပြုမှု စနစ် ကျင့်သုံးဖို့နဲ့ ပတ်သက်ပြီး သတင်းတွေ တခုပြီး တခု ဆက်တိုက် ထွက်ပေါ်လာပါတယ်။ ဒီ သတင်းတွေ ဆက်စပ် သုံးသပ်လိုက်ရင် ဗိုလ်ချုပ်ဟောင်းတွေဟာ လာမယ့် ရွေးကောက်ပွဲမှာ သမားရိုးကျစနစ်နဲ့ အနိုင်ရဖွယ်လမ်း မမြင်နိုင်တာကြောင့် ပီအာရ်စနစ်ကို အသုံးပြုတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကြံစည်လာတယ်ဆိုတာ ဘွားခနဲ ပေါ်ပေါက်လာပါတယ်။ သူတို့ ဘယ်လိုကြံစည်သလဲ၊ ပီအာရ်စနစ် ကျင့်သုံးရင် ဘာဖြစ်လာနိုင်မလဲ ဆိုတာ ခုတပတ် ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။ ခုတပတ်အတွင်း ပထမဦးဆုံး ထွက်ပေါ်လာတဲ့သတင်းက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆီကပါ။ ဇွန် ၁၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပြီးခဲ့တဲ့ ၂၀၁၂ ဇူလိုင်လ ၁၃ ရက်နေ့က ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီက လက်ရှိ ကျင့်သုံးနေတဲ့ မဲအများဆုံး ရရှိသူကို အနိုင်ပေးတဲ့ ရွေးကောက်ပွဲစနစ် (First Past The Post- FPTP System) အစား အခြေခံဒီမိုကရေစီ သဘောတရားနဲ့ ကိုက်ညီပြီး နိုင်ငံရေးအခြေအနေနဲ့ လိုက်လျောညီထွေဖြစ်မယ့် စနစ်တရပ်ဖြစ်တဲ့ အချိုးကျကိုယ်စားလှယ်စနစ် (Proportional Representation-PR System) ကို ပြောင်းလဲကျင့်သုံးသင့်ကြောင်း အကြံပြုချက်နဲ့အတူ ရွေးကောက်ပွဲစနစ်ပြုပြင်ရေးနဲ့ ပတ်သက်တဲ့ စာတမ်းတစောင်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဆီ တင်ပြခဲ့တယ်လို့ ဖော်ပြထားပါတယ်။ နောက်ပိုင်း နိုင်ငံရေးပါတီတွေနဲ့ အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေးကြည့်တဲ့အခါ ပီအာရ် စနစ်ကို လက်ခံကျင့်သုံးချင်တဲ့ ပါတီရှိသလို လက်ရှိ မဲအများဆုံးသူ အနိုင်ရတဲ့ စနစ်ကိုပဲ ဆက်ပြီး ကျင့်သုံးလိုတဲ့ ပါတီတွေ ရှိတဲ့အတွက် အဆုံးအဖြတ်ပေးပါ ဆိုပြီး လွှတ်တော်ကို တင်ပြခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တကယ်လို့သာ ရွေးကောက်ပွဲစနစ်ကို ပီအာရ်စနစ်နဲ့ လုပ်မယ်ဆိုရင် ပြင်ဆင်ဖို့ အချိန်တွေ လိုအပ်တာကြောင့် ဒီ ၂၀၁၃ ခုနှစ်အတွင်းမှာပဲ လွှတ်တော်က အပြီးသတ် ဆုံးဖြတ်ပေးဖို့ လိုတဲ့အကြောင်းလည်း တင်ပြထားပါတယ်။ ဒါနဲ့ပတ်သက်ရင် ဝေဖန်ဖို့လိုတဲ့အချက်ကတော့ ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီထဲပါတဲ့ တိုင်းရင်းသား ၅ ပါတီရဲ့ သဘောထားပါ။ သူတို့ပါတီတွေအနေနဲ့ ပီအာရ်စနစ်ကျင့်သုံးဖို့ တောင်းဆိုတာ ဘယ်တုန်းကမှ မလုပ်ခဲ့ကြောင်း၊ အစည်းအဝေး တက်ရောက်ကြောင်း လက်မှတ်ကို အသုံးချပြီး ပီအာရ်ကို ကျင့်သုံးလိုတယ်လို့ ရွေးကောက်ပွဲကော်မရှင်ဆီ မရိုးမသား တင်ပြခဲ့တာသာ ဖြစ်တယ်လို့ တိုင်းရင်းသားပါတီတွေက ဖြေရှင်းကြပါတယ်။ အမှန်တကယ်လည်း မကြာသေးခင်ကမှ တောင်ကြီးမှာ ကျင်းပပြီးစီးသွားတဲ့ တိုင်းရင်းသားပါတီတွေရဲ့ ညီလာခံမှာ ပီအာရ်စနစ်ကို လက်မခံကြောင်း အတိအလင်း ထုတ်ပြန်ကြေညာလိုက်ပြီလည်း ဖြစ်ပါတယ်။ ပြောရရင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ ၂၀၁၂ ခုနှစ် ဇူလိုင်ကတည်းက အန်ဒီအက်ဖ်ပါတီ ဦးဆောင်ပြီး တင်ပြထားတဲ့ မှန်ကန်မှုမရှိမှန်းလည်း သိတဲ့ စာတမ်းကို အခြေခံပြီး ပီအာရ်စနစ်ကို တိုင်းရင်းသားပါတီတွေအပါအ၀င် ပါတီတချို့က လက်ခံ ကျင့်သုံးချင်သယောင် လိမ်ညာ သတင်းထုတ်ပြန်ပြီး လွှတ်တော်ကို တင်လိုက်တဲ့သဘော ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း အမေရိကန်နိုင်ငံ ရောက်နေစဉ် ၂၀၁၅ ရွေးကောက်ပွဲ ပြီးသွားတဲ့နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီ ပါတီနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်၊ လိုအပ်ရင် ညွှန့်ပေါင်းအစိုးရ ဖွဲ့သွားမယ်ဆိုတဲ့ သဘောမျိုး အရိပ်အမြွက် ပြောခဲ့ပါတယ်။ ဒါဟာ ကြံ့ခိုင်ရေးအနေနဲ့ ပီအာရ်စနစ်ကျင့်သုံးရင် ဖြစ်လာနိုင်တဲ့ ရလဒ်ကို ကြိုတင်မှန်းဆပြီး ပြောဆိုတဲ့ စကားမျိုးလည်း ဖြစ်ပါတယ်။ ပိုပြီးသေချာစေတာကတော့ သိပ်မကြာသေးခင်တုန်းကပဲ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင် တယောက်ဖြစ်တဲ့ တောင်သာအမတ် ဦးအောင်သောင်းရဲ့ ထုတ်ဖော်ပြောဆိုချက်ပါ။ သူက တပါတီကြီးစိုးတဲ့စနစ် ပပျောက်အောင် ပီအာရ်စနစ်ကျင့်သုံးသင့်တယ်၊ နိုင်ငံတကာမှာ ကျင့်သုံးလာတာ နှစ်ထောင်နဲ့ချီ ရှိနေပြီ၊ မြန်မာပြည်သူတွေကလည်း အသိဥာဏ် နိမ့်ကျသူတွေ မဟုတ်တော့ ပီအာရ်စနစ်ကျင့်သုံးနိုင်တယ် ဆိုပြီး ပြောခဲ့တာပါ။ ဒီအဆက်အစပ်တွေကိုကြည့်ရင် လာမယ့် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီကို ဘယ်လိုမှ အနိုင်မရနိုင်ဘူးလို့ တွက်ဆထားပြီးဖြစ်တဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ ပီအာရ်စနစ်ကိုကျင့်သုံး၊ လွှတ်တော်ထဲ အဆင်သင့်ရောက်နေတဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ စစ်ဗိုလ်အမတ်တွေနဲ့ ပေါင်း၊ သမ္မတရာထူး ရအောင်ယူပြီး အာဏာကို ဆက် ချုပ်ကိုင်သွားမယ့် သဘော ပေါ်လွင်နေပါတယ်။ တကယ်တော့ လက်ရှိ ပီအာရ်ပြဿနာ အငြင်းပွားနေတာနဲ့ပဲ အရေးကြီးတဲ့ ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကျင်းပနိုင်ရေး ဆိုတာ မျက်ခြည်ပြတ်သွားစေနိုင်ပါတယ်။ ဒါ့အပြင် ပီအာရ်စနစ်ဆိုတာဟာ မဲရုံတခုစီအလိုက် အနိုင်ရသူ တိုက်ရိုက် မပေါ်ပေါက်တာကြောင့် မဲလိမ်၊ မဲခိုးနဲ့ မဲမသာမှုလုပ်တာတွေကိုလည်း ဖော်ထုတ်ရ အလွန် ခက်ခဲစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် မင်းသားကြီးမလုပ်ရ ပတ်မကြီးထိုးဖောက်မယ့် ပါတီ တချို့နဲ့ အာဏာကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဆက်ပြီး လုယူထားချင်တဲ့ စစ်ဗိုလ်ချုပ်တွေကြီးစိုးတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ပီအာရ်စနစ်ကျင့်သုံးရေး အကြံအစည်ကို ၀ိုင်းဝန်း ကန့်ကွက်ဖို့ လိုနေပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024