ကယားပြည်နယ် ဝန်ကြီးချုပ်ကို တာဝန်မှရပ်စဲ
နော်နိုရင်း
·
September 3, 2020
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ရာထူးတာဝန်ကနေ ရပ်စဲလိုက်ပြီဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဦးဘော့စ်ကို အား ခတ္တဝန်ကြီးချုပ် တာဝန် ပူးတွဲခန့်အပ်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ကယားပြည်နယ် လွှတ်တော်ကို ဒီကနေ့ အကြောင်းပြန်ကြားလိုက်ပါတယ်။
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို အယုံအကြည်မရှိကြောင်း ကယားပြည်နယ်လွှတ်တော်မှာ စက်တင်ဘာ ၁ ရက်နေ့က ထောက်ခံမဲအများစုနဲ့ စွပ်စွဲပြစ်တင် မဲခွဲဆုံးဖြတ်ပြီးနောက် သမ္မတထံ တင်ပြခဲ့ရာမှာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က စက်တင်ဘာ ၃ ရက်နေ့စွဲနဲ့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌထံ အကြောင်းပြန်လိုက်တာ ဖြစ်ပါတယ်။
စက်ယန္တရားကြီးတွေကို ငှားရမ်းပြီးသုံးစွဲခဲ့မှုနဲ့ ကယားဒေးကွင်းမြေနေရာ ငှားရမ်းသုံးစွဲခဲ့မှုကိစ္စတွေနဲ့ပတ်သက်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၆၃ (က) အရ စွပ်စွဲပြစ်တင်ခဲ့တာဖြစ်ပါတယ်။
စွပ်စွဲပြစ်တင်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ ဆောင်ရွက်ခဲ့ရာမှာ ဝန်ကြီးချုပ်ကိုယ်တိုင်ချေပနိုင်ဖို့ ၄ ကြိမ်တိုင်ဆင့်ခေါ်ခဲ့ပေမယ့် ဦးအယ်လ်ဖောင်းရှိုက ကိုယ်တိုင် ရောက်ခြင်းမရှိသလို ကိုယ်စားသာ လာရောက်ပြီး စုံစမ်းစစ်ဆေးမှုကို ခံယူခဲ့ခြင်းမရှိပါဘူး။
စွပ်စွဲပြစ်တင်မှုနဲ့ပတ်သက်ပြီး လက်မှတ်ရေးထိုးထားတဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်(ခ)စဲရယ်မှ နုတ်ထွက်သွားတဲ့ အတွက် လေးပုံတစ်ပုံ မပြည့်မီတဲ့အကြောင်းနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ၅ ဦးထဲမှာ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် (၁)ဦးတို့ ကိုယ်တိုင် စွပ်စွဲသူတွေဖြစ်နေတယ်လို့ ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုက လွှတ်တော်မှာ ရှင်းလင်း ပြောကြားထားပါတယ်။