A d v e r t i s e m e n t With Us

နေမာအပါအဝင် ပီအက်စ်ဂျီကစားသမား ၃ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

နေမာအပါအဝင် ပီအက်စ်ဂျီကစားသမား ၃ ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ ပြင်သစ်သတင်းတွေမှာဖော်ပြပါတယ်။  နေမာဟာ ဘိုင်ယန်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရှုံးနိမ့်ပြီးကတည်းက အားလပ်ရက်အဖြစ် အိုင်ဘီဇာကမ်းခြေကို ရောက်ရှိနေသူပါ။  ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့သတင်းကြောင့် သူဟာ စက်တင်ဘာ ၁၀ ရက်နေ့ ကစားမယ့် ပီအက်စ်ဂျီအသင်းရဲ့ လန်းစ်နဲ့လီဂူးအဖွင့် ပွဲစဉ်အပြင် ၁၃ ရက် ကစားမယ့် မာဆေးလ်နဲ့ဒါဘီပွဲစဉ်တို့ကိုလည်း လွဲချော်သွားရဖို့ ရှိနေပါတယ်။  နေမာအပြင် ဒီမာရီယာနဲ့ လန်ဒရို ပရီဒတ်စ်တို့လည်း ကူးစက်ခံထားရပြီး သီးသန့်ခွဲခြားနေထိုင်နေတယ်လို့ L’Equipe သတင်းမှာဖော်ပြပါတယ်။  ဒီကိစ္စနဲ့ပတ်သက်လို့ ပီအက်စ်ဂျီအသင်းဘက်ကလည်း မနေ့က ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပြီး “ကစားသမား ၃ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြိး စည်းကမ်းသတ်မှတ်ချက်များနဲ့အညီ ကိုင်တွယ်ဆောင်ရွက်နေကြောင်း၊ လာမယ့် နေ့တွေမှာလည်း ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေဟာ ပိုးနဲ့ပတ်သက်လို့ စစ်ဆေးမှုတွေ ထပ်မံဆောင် ရွက်သွားမယ်” လို့ ရေးသားထားပါတယ်။  လီဂူးပွဲစဉ်တွေဟာ ပြန်လည်စတင်နေပေမဲ့ ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့တာကြောင့် ကစားသမားတွေ အနားယူနိုင်ဖို့ အဖွင့်ပွဲစဉ်ကို ရွှေ့ဆိုင်းထားတာ ဖြစ်ပါတယ်။  လက်ရှိအချိန်မှာ ပိုးတွေ့လူနာရှိနေပေမယ့် ပီအက်စ်ဂျီနဲ့ လန်းစ်အသင်းနဲ့ပွဲစဉ်ကို စီစဉ်ထားတဲ့အတိုင်း ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ၄ ဦးမြောက် ကစားသမားမှာ ပိုးတွေ့ခဲ့ပါက ပွဲစဉ်ကို ရွှေ့ဆိုင်းရမှာဖြစ်ပါတယ်။  နေမာဟာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာတော့မယ်လို့ မကြာခဏဆိုသလို သတင်းကြီးခဲ့သူဖြစ်ပေမဲ့ ဒီနွေရာသီအပြောင်းအရွှေ့မှာ ပီအက်စ်ဂျီအသင်းကနေ လုံးဝထွက်ခွာ မှာ မဟုတ်ဘူးလို့ မကြာသေးခင်က  ပြောဆိုခဲ့ပါတယ်။  “ကျနော် ပီအက်စ်ဂျီမှာ နောက်တစ်ရာသီဆက်နေမှာပါ။ ကျနော် ဒီအသင်းမှာဆက်နေ  ပြီးတော့ နောက်ထပ်ချန်ပီယံလိဂ်ဗိုလ်လုပွဲတစ်ခုဆီ ရောက်ရှိအောင် ကြိုးစားသွားမှာပါ။ ဒီတစ်ကြိမ်တော့ အနိုင်ရဖို့ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up