စစ်တွေက ၄၅ ဦးအပါအဝင် ကိုဗစ်-၁၉ ရောဂါလူနာသစ် ၅၇ ဦးထပ်တွေ့
DVB
·
September 2, 2020
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၅၇ ဦးထပ်မံစစ်ဆေးတွေ့ရှိရပြီး မြန်မာနိုင်ငံမှာ အတည်ပြုလူနာပေါင်း ၉၉၅ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ထုတ်ပြန်ချက်အရ သိရပါတယ်။
လူနာသစ်တွေကတော့ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က ၄၅ ဦး၊ ကျောက်တော်၊ ကျောက်ဖြူနဲ့ မြောက်ဦးမြို့နယ်က ၂ ဦးစီ၊ မွန်ပြည်နယ် မုဒုံ၊ မော်လမြိုင်နဲ့ ကျိုက်ထိုမြို့နယ်တို့က ၁ ဦးစီ၊ မန္တလေးတိုင်း ချမ်းအေးသာဇံက ၂ ဦးနဲ့ မြင်းခြံမြို့နယ်က ၁ ဦးတို့ဖြစ်ကြပါတယ်။
ဓာတ်ခွဲစစ်ဆေးမှုတွေ ပြီးစီးချိန်နဲ့ သတင်းထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းတဲ့အတွက် ဓာတ်ခွဲအတည်ပြုလူနာသစ်တွေရဲ့ သတင်းအချက်အလက်တွေကို ထပ်မံထုတ်ပြန် ပေးမယ်လို့ သိရပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၈၄၀ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ ၁၉၆ ခု အပါအဝင် တခြား ပြည်နယ်နဲ့ တိုင်းတွေက ဓာတ်ခွဲနမူနာ စုစုပေါင်း ၁,၄၀၈ ခု ကို ဒီနေ့ ညနေ စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၅၇ ဦး တွေ့ရှိရတာဖြစ်ပါတယ်။
စက်တင်ဘာ ၂ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာပေါင်း ၉၉၅ ဦး၊ သေဆုံးသူ ၆ ဦး၊ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၃၅၉ ဦး၊ ဒီအထဲက ဆေးရုံမှ ဆေးခွင့်ပြုခဲ့သူ ၃၄၈ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၈၁ ဦးရှိပါတယ်။