မီဒီယာနှင့် နာရီဝက်တွေ့ဆုံခွင့်ပြုရန်  သရုပ်ဆောင်မင်းရာဇာ တောင်းဆို

အမှန်တရားကို အမှန်တကယ်သိစေချင်ရင် မီဒီယာနဲ့နာရီဝက်လောက်တွေ့ဆုံခွင့်ပေးဖို့ သရုပ်ဆောင်မင်းရာဇာက  တောင်းဆိုလိုက်ပါတယ်။ ဒီကနေ့မြောက်ဥက္ကလာပမြို့နယ်တရားရုံးမှာ သရုပ်ဆောင်မင်းရာဇာအပါအဝင် ၄ ဦးအမှုကို ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေတစ်ဦးကို စစ်ဆေးခဲ့ပါတယ်။ ဒီကနေ့ စက်တင်ဘာ ၂ ရက်နေ့ရုံးချိန်းကို တရားလို မလာရောက်နိုင်ခဲ့ဘဲ နောက်တပတ် ရုံးချိန်းကို စက်တင်ဘာ ၉ ရက်နေ့ ပြန်လည်ချိန်းဆိုခဲ့ပါတယ်။ ဒီအမှုမှာ တရားလိုပြသက်သေ ၁၄ ဦး တင်သွင်းထားရာမှ ၇ ဦးစစ်ဆေးပြီးဖြစ်တဲ့အတွက် စစ်ဆေးဖို့ ၇ ဦး ကျန်ရှိနေတဲ့အဆင့်ဖြစ်ပါတယ်။ အခုချိန်မှာ ဇနီးဖြစ်သူက ကိုယ်ဝန်အရင့်အမာကြီးနဲ့ဖြစ်သလို အမှုနဲ့လည်းသက်ဆိုင်မှုမရှိတဲ့အတွက် အာမခံပေးသင့်တယ်လို့ မင်းရာဇာက တရားရုံးအထွက်မှာ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ရုံးချိန်းတွေကို တရားလိုပျက်ကွက်တာဟာ အမှုကို ပိုမိုကြန့်ကြာအောင် လုပ်သလိုဖြစ်နေတယ်လို့ ဆိုပါတယ်။ သရုပ်ဆောင်မင်းရာဇာ မိသားစုက အိမ်အကူမိန်းကလေးကို အက်ဆစ်နဲ့ ပက်တာ၊ တူနဲ့ထုတာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်ဆိုကာ ပုဒ်မ(၄)ခုနဲ့ ရွှေပေါက္ကံမြို့နယ်ရဲစခန်းမှာ အမျိုးသမီးလေးရဲ့ မိခင်ဖြစ်သူက အမှုဖွင့်ခဲ့တာပါ။ 

//
More News
Up