Homeမြန်မာသတင်း
ပြည်ပခရီးသွားရာဇဝင်မရှိသည့် ရခိုင်နှင့် ရန်ကုန်တိုင်းမှ ၂၆ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့
ပြည်ပခရီးသွားရာဇဝင်မရှိသည့် ရခိုင်နှင့် ရန်ကုန်တိုင်းမှ ၂၆ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့
DVB
·
August 30, 2020
ပြည်ပခရီးသွားရာဇဝင်မရှိတဲ့ ရခိုင်ပြည်နယ်က ၂၁ ဦးနဲ့ ရန်ကုန်တိုင်းက ၅ ဦး၊ စုစုပေါင်း ၂၆ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၅၇၀ ခု၊ ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ ၄၁၉ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၂၆၄ ခု၊ စုစုပေါင်း ၁,၂၅၃ ခု အား ဒီနေ့ည စစ်ဆေးပြီးစီးခဲ့ရော လူနာသစ် ၂၆ ဦး တွေ့ရှိခဲ့တာပါ။
ရခိုင်ပြည်နယ် စစ်တွေမြို့က လူနာသစ် ၈ ဦး၊ မင်းပြား ၄ ဦး၊ ပေါက်တောက ၆ ဦး၊ ပုဏ္ဏားကျွန်းက ၂ ဦး၊ ကျောက်တော်က ၁ ဦး၊ ရန်ကုန်တိုင်း လှိုင်မြို့နယ်က ၂ ဦး၊ မင်္ဂလာဒုံ ၁ ဦးနဲ့ မြောက်ဒဂုံက ၁ ဦးနဲ့ ပုဇွန်တောင်က ၁ ဦးတို့ဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်တွေမှာ အသွားအလာ ကန့်သတ်ထားသူတွေ ဖြစ်ပါတယ်။
သူတို့အားလုံးကို သက်ဆိုင်ရာ ဆေးရုံအသီးသီးမှာ ဆေးကုသမှု ခံယူစေမယ်လို့ ကျန်းမာရေးဝန်းကြီးဌာနက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇၇၅ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၃၅၂ ဦးအနက် ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီးသူ ၃၄၇ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၅၃ ဦးရှိတယ်လို့ ဆိုပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၅ ဒသမ ၂ သန်းကျော်၊ သေဆုံးသူ ၈၄၀,၀၀၀ ကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၇ ဒသမ ၅ သန်းကျော် ရှိတယ်လို့ သိရပါတယ်။