Home
ဆောင်းပါး
ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စာသင်ချင်တယ်
DVB
·
August 30, 2020
မော်တော်ယာဉ်နဲ့ လှည်းကူး-ဖောင်ကြီး သွားလမ်းမအတိုင်း ထွက်ခွာသွားရင် မိုးရွာပြီးစ ရွှံ့ထူထူ ချိုင့်တွေနဲ့ မညီမညာ မြေနီလမ်းလေးအတိုင်း နာရီဝက်လောက်အကြာ သွားလိုက်ရင် ဓနိမိုးပြီး ဝါးတိုင်နဲ့ တည်ဆောက်ထားတဲ့ တန်းလျားလေးနဲ့ မညီမညာ တောင်ကုန်း တောင်စောင်းတွေမှာ တဲအိမ်လေးတွေကို မြေနီလမ်းပေါ်က ဟိုတစု ဒီတစုစီ တွေ့နေရကတော့ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဝက်အင်းပေါက်ကျေးရွာ၊ စစ်ရှောင်စခန်းလေးပဲ ဖြစ်ပါတယ်။ အကျယ် ၁၅ ပေ အရှည် ပေ ၁၀၀ လောက်ရှိတဲ့ လူဦးရေ ၇၀ နီးပါး ယာယီနေထိုင်လို့ရတဲ့ တန်းလျားအတွင်း တနေရာမှာ မည်းနက်တောက်ပတဲ့ မျက်လုံး၊ အသားညိုညို ဆံပင်ကုပ်ထောက်၊ အကျီအဖြူပေါ် အဝါရောင်ဖျော့ဖျော့ အနွေးထည်နဲ့ အမည်းရောင် ဘောင်းဘီတို(ရှော့ပင်) ဝတ်ဆင်ထားတဲ့ အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တဦးဟာ အိမ်ယာခင်း မိုးကာစပေါ် တင်ပလ္လင်ခွေထိုင်ပြီး လှုပ်ရှားနေတဲ့လူတွေကို ငေးကြည့်နေတာ တွေ့ရပါတယ်။ သူမရဲ့အမည်က မစန္ဒာအေးဖြစ်ပြီး ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ညောင်ချောင်းလေးကျေးရွာမှာ နေထိုင်ပါတယ်။ ကျောင်းပညာရေးအနေနဲ့ ၁၀ တန်း တက်ရောက်နေတဲ့ ကျောင်းသူလေးတဦးဖြစ်ပြီး တပ်မတော်နဲ့ AA (ရက္ခိုင့်တပ်မတော်)တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မိုင်ပေါင်း ၄၀၀ ကျော်ကို ဖြတ်သန်းပြီး ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်မိသားစုဝင် ကျောင်းသူတဦး ဖြစ်ပါတယ်။ မွေးချင်းမောင်နှမ ၆ ယောက်ထဲမှာ ၅ ယောက်မြောက်ဖြစ်ပြီး ဖခင်ဖြစ်သူက မိသားစု စားဝတ်နေရေးအတွက် တောင်ယာနဲ့ သစ်ခုတ် ဝါးခုတ်လုပ်ငန်းကို အဓိက လုပ်ကိုင်နေရက ဇူလိုင်လက စတင်ပြီး မိသားစုလိုက် စစ်ဘေးရှောင် ရောက်ရှိလာခဲ့တာပါ။ မိုးထဲ လေထဲ လှေတတန်၊ ကားတတန်နဲ့ အခက်အခဲတွေကြားက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဝက်အင်းပေါက်ကျေးရွာက ယာယီစစ်ဘေးရှောင်စခန်းကို ရောက်ရှိလာခဲ့ပေမယ့် သူမရဲ့ မျက်ဝန်းမှာ စိုးရိမ်ထိတ်လန့်မှုတွေ ကျန်ရှိနေသေးတယ်ဆိုတာ တွေ့မြင်နေရပါတယ်။ သူမ ၉ တန်းစာမေးပွဲ နောက်ဆုံးရက် ဘောဂဗေဒဘာသာ ဖြေဆိုတဲ့နေ့က ရွာအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ ကျောင်းခေါင်မိုးပေါ် အနိမ့်ဆုံးပျံသန်းလာတဲ့ လေယာဉ်ပျံတွေနဲ့ ပြင်းထန်တဲ့ လက်နက်ကြီးသံတွေ ကြုံတွေ့ခဲ့ရတဲ့ သူ့ရဲ့အတွေ့အကြုံကို မစန္ဒာအေးက အခုလို ပြောပါတယ်။ “ကြောက်လည်းကြောက်ပါတယ်။ စာမေးပွဲမပြီးမှာ ကြောက်တယ်။ စိုးရိမ်တယ်။ နောက်ဆုံး စာမေးပွဲက အရေးကြီးပါတယ်။ ဗုံးသံတွေလည်း ဂျိမ်း ဂျိမ်းနဲ့ ကြားရတယ်။ ဒီရောက်တော့ စိုးရိမ်သေးတယ်။”  အရင်တုန်းကလို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ပညာသင်ပြီး ကိုယ့်မိသားစုနဲ့လည်း အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင်နေချင်တယ်လို့ သူက ဆိုပါတယ်။ “ခုလို ဆူဆူညံညံနဲ့ မသင်ချင်ဘူး။ အတတ်နိုင်ဆုံး ငြိမ်းချမ်းချင်တယ်။ အရင်တုန်းကလို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ပညာသင်ချင်တယ်။ ကိုယ်မိသားစုနဲ့လည်း အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင်နဲ့ နေချင်တယ်။” တပ်မတော်နဲ့ AA အကြား နှစ်ဘက်တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ရခိုင်မြောက်ပိုင်း မြို့နယ် ၇ မြို့နယ်အတွင်းက မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား ဦးရေဟာ ၁၀၁ ဦး ရှိတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံဆီက သိရပါတယ်။ လတ်တလောမှာ စစ်ရှောင် ကျောင်းသားတချို့ဟာ သူတို့ထွက်ပြေးလာတဲ့ နယ်ခံကျောင်းတွေဆီကနေ ကျောင်းထွက်လက်မှတ် ခက်ခဲနေပြီး လက်ရှိနေထိုင်ရာစခန်းကနေ ကျောင်းတက်နိုင်ဖို့က အလယ်တန်း၊ အထက်တန်းကျောင်းတွေဟာ ဝေးလံတဲ့နေရာမှာရှိတဲ့အပြင် စာသင်ယူရာမှာလည်း ဘာသာစကား အခက်အခဲတွေ ရှိနေကြပါတယ်။ လက်ရှိမှာ အထက်တန်းကျောင်းတွေကို ပြန်ဖွင့်တဲ့အချိန်ဖြစ်လို စခန်းကနေ ၈ မိုင်နီးပါးမှာ ရှိတဲ့ အထက်တန်းကျောင်းကို တက်ရောက်ပညာသင်ယူကြရတဲ့ အထက်တန်းကျောင်းသားတွေ စုစည်းပြီး တစ်ယောက်ကို အသွားအပြန် ၁ ထောင်ကျပ်နဲ့ ကားစုငှားပြီး သွားရောက်ကြရပါတယ်။ စစ်ရှောင်ကလေးငယ်တွေဟာ ဆက်လက်ပညာသင်ယူနိုင်ဖို့ အကြီးမားဆုံး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဝက်အင်းပေါက်ကျေးရွာ၊ စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးရင်အောင်က ပြောပါတယ်။ “အလယ်တန်းကျောင်းကျတော့ အဆင်မပြေဘူး။ ဒီမှာက အလယ်တန်းကျောင်းမရှိတော့ ဝေးတဲ့နေရာမှာ ကျောင်းတက်ရမယ်ဆိုတော့ ဒီအတွက် ဘယ်လိုလုပ်ရမလဲ မသိဘူး။ ကျနော်တို့အတွက်တော့ အကြီးမားဆုံး အခက်အခဲ။” ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ဒါးလက်အနောက်ရွာကနေ စစ်ရှောင်ထွက်ပြေးဘာသူ ဒေါ်ပုံ့ပုံ့သွယ် (စေတနာ လုပ်အားပေးဆရာမ)က “ကျမတို့ နေရာ(ရခိုင်)မှာ ၉ တန်း ၁၀ တန်း ဖွင့်နေပြီ။ ဒီကို(စစ်ဘေးရှောင်) လာတဲ့အတွက်ကြောင့် ကိုယ့်နေရာသွားပြီးတော့ ကျောင်းထွက်လက်မှတ်တွေ သွားမယူနိုင်ဘူး”လို့ ဆိုပါတယ်။ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဝက်အင်းပေါက်ကျေးရွာမှာ စစ်ရှောင် အိမ်ထောင်စု ၂၅၅ စု၊ လူဦးရေ ၈၀၀ နီးပါးရှိရာ ပညာသင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူ ၁၀၀ ကျော် ရှိပါတယ်။ ပညာသင်ယူနေတဲ့ ကျောင်းသား ကျောင်းသူတွေဟာ ကျောင်းမတက်ရတဲ့အပြင် လက်နက်ကိုင် ပဋိပက္ခတွေကြောင့် စိတ်ဝေဒနာတွေ အများကြီးရကြမှာကို စစ်ဘေးရှောင်တွေက စိုးရိမ်နေကြပါတယ်။ Myanmar Institute for Peace and Security(MIPS) အလုပ်အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက “အခု ကလေးတွေ ကျောင်းမတက်ရဘူး ဖြစ်လာတယ်။ အဲဒီ generation က နောက်ဆုံးစစ်ပွဲတွေ ရပ်သွားပြီးဆိုရင် ကျိုးပဲ့ ကန်းတဲ့လူတွေ အများကြီး ထောင်နဲ့ချီ ဖြစ်လာမယ်။ မိုင်းထိတဲ့လူတွေ လက်နက်ကြီးထိတဲ့လူတွေ။ လက်နက်ကိုင်ပဋိပက္ခဆိုတာ ဒီလို စိတ်ဝေဒနာတွေ အများကြီးပေးခဲ့တာ”လို့ ဆိုပါတယ်။ စစ်ရေးပဋိပက္ခတွေကြောင့် ကလေးငယ်တွေရဲ့ အနာဂတ် ပညာရေးမျှော်မှန်းချက်၊ တိုင်းပြည်ရဲ့ စာတတ်မြောက်မှုနှုန်းတွေနဲ့ ဆက်စပ်နေပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေရင် အနာဂတ်အတွက် စိုးရိမ်စရာရှိတယ်လို့ ဒေါက်တာမင်းဇော်ဦးက ဆိုပါတယ်။ တပ်မတော်နဲ့ AA ကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေလို့ ရခိုင်ပြည်မြောက်ပိုင်း မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ပေါက်တော စတဲ့မြို့နယ်တွေကနေ ရန်ကုန်တိုင်း ဝက်ကြီးအင်းကျေးရွာကို ၂၀၁၉ ခုနှစ် ဩဂုတ်လက စတင်ပြီး အခုချိန်ထိ စစ်ဘေးရှောင် ထွက်ပြေးလာကြသူတွေရှိပါတယ်။ တပ်မတော်နဲ့ AA နှစ်ဘက်တပ်အကြား တိုက်ပွဲတွေက ၂၀၁၉ ခုနှစ်မှာ အရှိန်မြင့်လာခဲ့တဲ့အတွက် ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်တစ်ခုချင်းစီမှာ စစ်ရှောင်လာသူ အားလုံးရဲ့ ၃၀ ရာခိုင်နှုန်းဟာ ကျောင်းသား ကျောင်းသူတွေ ဖြစ်ပါတယ်လို့ ရခိုင်မျိုးနွယ်စုများအစည်းအရုံး (REC)ရဲ့ စာရင်းတွေအရ သိရပါတယ်။ အလားတူပဲ တိုက်ပွဲကြောင့် ချင်းပြည်နယ်အတွင်းက ထွက်ပြေးတိမ်းရှောင်လာတဲ့ ချင်း စစ်ဘေးရှောင် ကျောင်းသား ကျောင်းသူ အရေအတွက်ဟာ ၁၂,၀၀၀ ကျော်ရှိတယ်လို့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပညာရေးဦးစီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ရခိုင်တိုက်ပွဲ ၂ နှစ်ခန့်အတွင်း တိုက်ပွဲဖြစ်စဉ်တွေနဲ့ ဆက်စပ်ပြီး စာသင်ကျောင်းတွေ ပိတ်လိုက်ရတာတွေ၊ စစ်ရှောင်နေရတာတွေနဲ့ လုံခြုံရေးပိုင်းဆိုင်ရာ စိုးရိမ်မှုတွေအပြင် မိသားစု အလုပ်အကိုင် အဆင်မပြေမှုတွေကြောင့် ကျောင်းထွက်သွားတဲ့ ကလေးတွေဟာ ယခင်နှစ်ထက် ၂ ဆခန့် များလာတယ်လို့ REC အတွင်းရေးမှူးထံက သိရပါတယ်။ စစ်ဘေးရှောင်ကို ထည့်သွင်းစဉ်းစားရင် စားဝတ်နေရေးကိစ္စအပြင် မျိုးဆက်သစ်ပညာရေးအတွက် ထည့်သွင်းစဉ်းစားရမယ်လို့ MIPS ရဲ့ အလုပ်အမှုဆောင်ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးက ဆိုပါတယ်။ “စစ်ဘေးရှောင်တွေကို စဉ်းစားတဲ့အခါမှာ သူတို့ရဲ့ စားဝတ်နေရေး တစ်ခုတည်းမဟုတ်ဘဲနဲ့ သူတို့ရဲ့မျိုးဆက်သစ်တွေ ကလေးတွေရဲ့ ပညာရေးကိုလည်း ထည့်သွင်းစဉ်းစားပေးဖို့လိုတယ်။ အဲတော့ ဆန်ပေး၊ ဆီပေးမဟုတ်ဘဲနဲ့ သူတို့တွေ ကျောင်းတက်နိုင်ဖို့ ဒုက္ခသည်စခန်းတွေမှာ ကျောင်းတွေဆက်လက်ဖွင့်လှစ်နိုင်ဖို့လိုတယ်။” ရခိုင်ပြည်နယ်ကတော့ မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ ဒုတိယအဆင်းရဲဆုံးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး ပြည်နယ်တစ်ခု ဖြစ်သလို ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခကြောင့် အနာဂတ်မျိုးဆက်သစ်တွေအတွက် ပြန်လည်ထူထောင်ဖို့ အခက်အခဲတွေ ရှိလာနိုင်တယ်လို့ ‌ဒေါက်တာမင်းဇော်ဦးက ထောက်ပြပြောဆိုထားပါတယ်။ ရခိုင်ပြည်နယ်အတွင်း လူဦးရေ ၃ သန်းကျော်မှာ အသက် ၅ နှစ်နဲ့ ၉ နှစ်အကြား လူဦးရေ ၂ သိန်းကျော်ဟာ စာမတတ်သူဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၂၅ ရာခိုင်နှုန်း၊ အသက် ၁၀ နှစ်နဲ့ ၁၄ နှစ်အကြား လူဦးရေ ၂ သိန်းကျော်မှာ စာမတတ်သူ ဦးရေ ၆ ရာခိုင်နှုန်းနဲ့ အသက် ၁၅ နှစ်နဲ့ ၁၉ နှစ်အကြား လူဉီးရေ ၂ သိန်းနီးပါးမှာ စာမတတ်သူ ၈ ရာခိုင်နှုန်းရှိပါတယ်။ ၂၀၁၄ ခုနှစ် ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ လူဦးရေနဲ့ သန်းခေါင်စာရင်းအရလည်း ပညာသင်ကြားရမယ့်အရွယ် အသက် ၅ နှစ်ကနေ ၁၂ နှစ်အထက်အုပ်စု ၅ စု စာရင်းကောက်ယူရာမှာလည်း လူဦးရေ ၅ ဒသမ ၆ သန်းက လုံးဝ ကျောင်းမနေသလို ၂၀၀၀ ပြည့်နှစ်ကစပြီး ၂၀၀၉ ခုနှစ်အထိ ၉ နှစ်စာ စာရင်းအရ ကျောင်းနေသူ ၁၂ သန်း၊ အခြေခံပညာအလယ်တန်း ရောက်ရှိ ပညာသင်ကြားသူ ၆ သန်းနဲ့ ၄ သိန်းရှိတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။  ဒါ့အပြင် အသက် ၂၀ နှစ်နဲ့ ၂၄ နှစ်အကြား လူဦးရေ ၁ သိန်းခွဲဟာ စာမတတ်သူဦး‌ရေ ၁၀ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ ဩဂုတ်လ ၁၉ ရက်နေ့က ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးမှာ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး မြေပြင်မှာ ခံစားနေရတဲ့ ဒေသခံပြည်သူတွေရဲ့ အသံတွေကို အစိုးရ၊ တပ်မတော်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက နားထောင်ပြီး စစ်ပွဲတွေ အမြန်ဆုံးရပ်တန့်ဖို့နဲ့ ငြိမ်းချမ်းရေး အမြန်ရရှိအောင် ထည့်သွင်းဆွေးနွေးပေးဖို့ စစ်ရှောင်ပြည်သူတွေက တောင်းဆိုခဲ့ပါတယ်။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ AA (ရက္ခိုင့်တပ်မတော်)ရဲ့ နှစ်ဘက်တိုက်ပွဲတွေ ရပ်တန့်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်တည်ဆောက်နိုင်ဖို့ အနာဂတ်မျိုးဆက်သစ် လူငယ်ကျောင်းသား ကျောင်းသူတွေအတွက် အေးအေးချမ်းချမ်း ပညာသင်ကြားနိုင်ဖို့ဟာ တိုင်းပြည်မှာ တည်ငြိမ်အေးချမ်းဖို့ လိုအပ်တယ်ဆိုတာ စစ်ဘေးရှောင် ကျောင်းသား ကျောင်းသူတွေရဲ့အခြေအနေကို ကြည့်ပြီး သိနိုင်ပါတယ်။ တကယ်တော့ စစ်ပွဲဟာ ပညာရေးကိုပါ ထိခိုက်နေတယ်ဆိုတာ လှည်းကူးမြို့နယ် ဝက်အင်းပေါက်ကျေးရွာက စစ်ဘေးရှောင်ကလေးတွေရဲ့ လတ်တလော ပညာသင်ကြားမှု အခက်အခဲက သက်သေပြနေပါတယ်။ ငြိမ်းချမ်းရေးညီလာခံက မြည်ဟိန်းထွက်လာတဲ့ “ငြိမ်းချမ်းခွင့်ပေးပါ” သီချင်းအတိုင်း လက်တွေ့ဘဝမှာ လိုလားတောင့်တနေသူ စစ်ဘေးရှောင်ကလေးတွေရဲ့ ငိုကြွေးသံတွေကို နိုင်ငံ့ခေါင်းဆောင်တွေက ကြားနိုင်ပါ့မလား။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024